ဘုတ်ပြင်း၊ ရတနာပုံ(မိုင်း) ကျေးရွာဒေသခံများ ရွာလုံးကျွတ်ထွက် ပြေးနေရ

0
3500

ကော့ကောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်၊ ရတနာပုံ(မိုင်း)ကျေးရွာနေ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဘုတ်ပြင်းဒေသခံများ ထံမှသိရသည်။

ရတနာပုံ(မိုင်း)ကျေးရွာနေ ဒေသခံ ၄၀၀ နီးပါးခန့်သည် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံ ပကျွပ်ခရိုင်သို့ ထွက်ပြေးခဲ့ကြပြီး ကျန်အနည်းစုမှာ ဘုတ်ပြင်းမြို့နယ်၊ ကျေးရွာတစ်ချို့သို့ ထွက်ပြေးတိမ်းရှောင်လာသည်ဟု ဒေသခံများ ကပြောသည်။

“ကျွန်တော်တို့ သိရတာက ထိုင်းထဲကိုဝင်ပြေးသူက သုံးရာကျော်လောက်ရှိတယ်။ ဆွေမျိုးတွေရှိတဲ့ လေညာ၊မဏ္ဍိုင်(ပြည်ကြီးမဏ္ဍိုင်မြို့) ဖက်ကို ပြေးလာသူတွေလည်း အနည်းအကျဥ်း ရှိတယ်”ဟု ဘုတ်ပြင်းဒေသခံအမျိုးသား ကပြောသည်။

ထွက်ပြေးလာသူများသည် ထိုင်းနိုင်ငံ၊ပကျွတ်ခရိုင်၊ ဘန်စဲဖန်မြို့နယ်၊ခေါင်လွှဲရွာတွင် လက်ရှိခိုလှုံနေကြပြီး ထိုင်းအာဏာပိုင် များမှအကူအညီပေးနေသလို လတ်တလောတွင် အမိုးအကာနှင့် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီပေးနေသည့်အဖွဲ့မှ ပြည်တွင်း မီဒီယာတစ်ချို့ကို ပြောဆိုထားသည်။

“နောက်ဆုံးကြားသိရတာက ထိုင်းဖက်ကသူတို့ကို အကူအညီပေးနေတယ်။ စစ်ဘေးရှောင် ကူညီရေးအဖွဲ့ကလည်း လာကူညီနေတယ်လို့ အဲလိုပဲ ကျွန်တော်တို့ ပြန်ကြားရတယ်”ဟု ဘုတ်ပြင်း ဒေသခံနောက်တစ်ဦး ကပြောသည်။

ဒီဇင်ဘာ ၃ ရက်နေ့က ရတနာပုံ(မိုင်း)ကျေးရွာအနီးရှိ စစ်ကောင်စီနယ်စပ်စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်တစ်နေ့တွင် စစ်ကောင်စီတပ်များ ရောက်ရှိလာသည့်အတွက် တိုက်ပွဲထပ်မံဖြစ်ဖြစ်လာမည် ကိုစိုးရိမ်ပြီး ရွာလုံးကျွတ်ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံများ ကဆိုသည်။