သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၇)

0
3471

အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်ညီညွတ်ရေးအဖွဲ့)

အခန်း-၃၇-

<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၆)

(၁) မာနယ်ပုလောသို့ တတိယခရီးစဉ်

စခန်းကို ပြန်ရောက်ပြီးနောက်မှာတော့ ကျနော်တို့အဖွဲ့ရဲ့ မူလတာဝန်ဖြစ်တဲ့ နှစ်ဖက်ဗဟို ပြန်လည် ပေါင်းစည်းရေးအတွက် ဗဟိုဒေသဆီ သွားရောက်ညှိနှိုင်းရေး လုပ်ငန်းစဉ် စတင်ပါတယ်။ ဥက္ကဋ္ဌဖြစ်တဲ့ ကျနော်၊ အတွင်းရေးမှူး ကိုအောင်မော်၊ စည်းရုံး-ပြန်ကြား တာဝန်ခံ ဦးဟန်လင်းနဲ့ ဝါရင့် ရဲဘော်တဦးဖြစ်သူ ကိုအောင်သန့် (ထားဝယ်ကောလိပ်၊ အခု ကနေဒါ) တို့ကို ဒီကိစ္စဆောင်ရွက်ဖို့ စခန်းကော်မတီက တာဝန်ပေးလိုက်ပါတယ်။

ဒီတကြိမ်မှာတော့ ပင်လယ်ပြင်စစ်ကြောင်းကနေ ရန်ပုံငွေအနည်းအကျဉ်းရှာထားနိုင်ပြီဆိုတော့ ထိုင်းနိုင်ငံထဲ ဒီတိုင်း ခိုးမသွားတော့ပဲ ချင်းမိုင်ဒေသရှိ ထိုင်း ထောက်လှမ်းရေးအရာရှိတဦးဆီ အရင်သွားပြီး ၃-လကနေ ၆-လအထိ သုံးနိုင်တဲ့ လက်မှတ်တွေ လုပ်ကြပါတယ်။

ချင်းမိုင်မှာ အဲဒီလိုလုပ်နေတုန်း ပင်လယ်ပြင် စစ်ကြောင်းကနေ အရေးပေါ်ဖုန်း ဝင်လာတဲ့အတွက် ပင်လယ်ပြင်နဲ့ ဆက်စပ်ပြီး တာဝန်ယူနိုင်သူ ဦးဟန်လင်းကို ရနောင်းမြို့ဆီဆင်းဖို့ အရေးပေါ် တာဝန်ပေး လိုက်ရပါတယ်။

အဲဒီနောက် ကျနော်၊ ကိုအောင်မော်နဲ့ ကိုအောင်သန့်တို့ သုံးဦးဟာ ချင်းမိုင်ရှိ အတိုက်ခံရုံးခန်းတွေ၊ NGO ရုံးတွေကိုလေ့လာ၊ လိုအပ်တာတွေကို သီတင်းတပတ်ခန့် ပြင်ဆင်ပြီးနောက်မှာတော့ ချင်းမိုင်-မယ့်စရိယန်း-စော်လဲထာ လမ်းကြောင်းအတိုင်း မာနယ်ပလောဒေသဆီ ခရီးထွက်လာခဲ့ပါတယ်။

စော်လဲထာ ရောက်တော့ အခြေအနေတွေက အတော်ပြောင်းလဲတိုးတက်နေပါပြီ။ ကိုနိုင်အောင်တို့ ဗဟိုစီးပွားရေးဌာနကဖွင့်ထားတဲ့ ဈေးဆိုင်တခုကို ကမ်းနားက ဈေးတန်းထဲမှာတွေ့ရပါတယ်။ ဆိုင်တာဝန်ခံကတော့ အစောပိုင်းခန်းတွေမှာ တင်ပြခဲ့ဖူးတဲ့ ကျနော်ရဲ့တပ်ခွဲ ၃-ခွဲမှူးဟောင်း ကိုမြင့်အောင် (အခု နယူးဇီလန်) ဖြစ်နေပါတယ်။

နောက်တခါ ကျနော်တို့စခန်းကပဲ ကိုကင်းရှိန် (အခု အမေရိကန်) နဲ့ တခြား ရဲဘော်တချို့ကိုလည်း စော်လဲထာနဲ့ ဒေါင်းဂွင် (သံလွင်မြစ်ဘေးရှိ ဒါးဂွင်ဒေသကို ကျောင်းသားတွေက ဒေါင်းဂွင်လို့ အမည်ပြောင်းပြီး ကိုနိုင်အောင်တို့ ဗဟိုဌာနချုပ်ရုံးစိုက်ထားတဲ့နေရာ) အကြား စက်လှေတွေနဲ့ အသွားအပြန် လုပ်နေတာကို တွေ့ရပါတယ်။

သံလွင်မြစ်ကမ်း လှေဆိပ်ဘေးရှိ သောင်ပြင်ဈေးတန်းမှာ ပစ္စည်းမျိုးစုံ ရောင်းချနေတာတွေ့ရပြီး ဗွီဒီယိုရုံတွေနဲ့ အတော်စည်ကားနေပါတယ်။ စော်လဲထဈေး ခေတ်ကောင်းဆုံးအချိန်လို့တောင် ပြောနိုင်မယ်ထင်ပါတယ်။

အဲဒီဈေးရဲ့နောက်ဘက် တောင်ကျောပေါ်က ကိုမြင့်အောင်တို့ရဲ့ ယာယီအိမ်မှာ တညတာ စခန်းချပြီး နောက်တရက်မှာတော့ မာနယ်ပလောကို ကျနော်တို့အုပ်စု ခရီးနှင်ခဲ့ပါတယ်။ ဒီတကြိမ် မာနယ်ပုလောကတော့ ၉၂-စစ်ပွဲတုန်းကလို ခြောက်သွေ့သွေ့ မဟုတ်တော့။ စစ်ပွဲမဖြစ်ခင်ကထက်တောင် ပိုမိုစည်ကားနေပြီး မြို့တော်တခုလို ဖြစ်နေပါတယ်။

ပုံစာ- ၁- ၁၉၉၂ ဝန်းကျင်က သံလွင်မြစ်ဘေး စက်လှေတွေပေါ်တွေ့ရတဲ့ ABSDF ရဲဘော်အချို့…

ကျနော်တို့အုပ်စု မာနယ်ပလောကို ရောက်တော့ ပထမဆုံး သွားတည်းတဲ့နေရာက လောကွားလူကုန်းရှိ ကိုနိုင်အောင်တို့ ဗဟိုရုံးခွဲစခန်း ထောက်မှာပါ။ ဘာကြောင့်လဲဆိုရင် ABSDF ပေါင်းစည်းရေး ဆွေးနွေးဖို့လာတဲ့လူတွေအနေနဲ့ KNU ဘားတိုက်မှာ တည်းဖို့ကလည်း မသင့်တော်။ နောက်တခါ အရင် ၉၂-တုန်းက ကျနော် မကြာခဏ ရောက်ခဲ့ဖူးတဲ့ ကိုမိုးသီးဇွန်တို့ ဗဟိုဌာနချုပ်ကလည်း မာနယ်ပုလော နောက်ကျော ကွန်မန်ဒိုကုန်းပေါ်မှာ မရှိတော့ပဲ သံလွင်မြစ်ဘေးက သေလောထာအရပ်ဆီ ပြောင်းသွားပြီဖြစ်ပါတယ်။

(၂) လောကွားလူမှာ ဆွေးနွေးပွဲအတွက် ပြင်ဆင်ခြင်း

ဒီလိုနဲ့ အရင် ၉၂-တုန်းက ကိုမျိုးသိန်းတို့၊ ဦးဟန်လင်းတို့ တည်းခဲ့တဲ့ အဆောင်ဟောင်းမှာပဲ ကျနော်တို့ သုံးဦး စခန်းချလိုက်ပါတယ်။ အဲဒီအချိန် ကိုနိုင်အောင်တို့ ဗဟိုစခန်းထောက် တာဝန်ခံက မင်းသမီးစခန်းကနေ ဗဟိုမှာတာဝန်ကျတဲ့ ကိုတင့်အောင် (အခု သြစတြေးလျ) လို့ထင်ပါတယ်။ သူ ဆက်သွယ်ပေးမှုအရ နောက်တရက်မှာတော့ ဥက္ကဋ္ဌ ဒေါက်တာနိုင်အောင် ကိုယ်တိုင်ရောက်လာပြီး ကျနော်တို့အဖွဲ့နဲ့ လာတွေ့ပါတယ်။

အဲဒီလို ကိုနိုင်အောင်တို့နဲ့ ကျနော်တို့အဖွဲ့၊ နှစ်ဖက်ပေါင်းစည်းရေး ဆွေးနွေးပွဲအစီစဉ်တွေ ဘယ်မှာ ဘယ်လိုလုပ်မလဲဆိုပြီး အလွတ်သဘော ပြောနေစဉ် လောကွားလူကို ရောက်လာသူတဦးကတော့ ဒီလိုဆွေးနွေးဖို့ရှိတဲ့အကြောင်း ကျနော်သတင်းပို့ထားလို့ ရောက်လာတဲ့ မော်ကဲဒေသ ဘက်မလိုက်အဖွဲ့ ဥက္ကဋ္ဌ ကိုသန့်ဇင်ဦး (အခု ဖင်လန်နိုင်ငံ) ဖြစ်ပါတယ်။

ABSDF ဗဟို နှစ်ခြမ်း ကွဲပြီးတဲ့နောက်ပိုင်း မင်းသမီးဒေသနဲ့ သေဘောဘိုး-မောကဲဒေသမှာ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ ၂-ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဗဟို နှစ်ခုစလုံးက ကျနော်တို့ မင်းသမီးဒေသ ဘက်မလိုက်ကိုသာ အသိမှတ်ပြုပြီး မောကဲဒေသ ဘက်မလိုက်ကိုတော့ အသိမှတ်မပြုနိုင်ဘူးလို့ ပြောပါတယ်။

ဒီအတွက် ပြန်လည် ပေါင်းစည်းရေးဆွေးနွေးပွဲမှာ မောကဲဒေသ ဘက်မလိုက်ကို တက်ခွင့်မပြုနိုင်ဘူးလို့ ကိုနိုင်အောင်တို့ဘက်က ကန့်ကွက်တဲ့အတွက် ကျနော်ရဲ့ ဖိတ်ကြားချက်အရ ရောက်လာသူ ကိုသန့်ဇင်ဦးကို ဘယ်လိုရှင်းပြရမှန်း မသိအောင် မျက်နှာပူခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ တောင်းတောင်းပန်ပန်နဲ့ ကိုသန့်ဇင်ဦးကို အခြေနေတွေကို ရှင်းပြပြီး မာနယ်ပလောကနေ မောကဲဒေသဆီ ပြန်လွှတ်လိုက်ရပါတယ်။

(၃) ABSDF ပြန်လည်ပေါင်းစည်းရေး ဆွေးနွေးပွဲများ စတင်ခြင်း

ABSDF ဌာနချုပ်ရုံးဟောင်းရှိရာ လောကွားလူကုန်းမှာ တရက်၊ နှစ်ရက် ကြာပြီးနောက်မှာတော့ ပထမဆုံးအကြိမ် ABSDF ပြန်လည်ပေါင်းစည်းရေး ဆွေးနွေးပွဲကို မာနယ်ပလောဌာနချုပ် ကုက္ကိူပင်တန်းအောက်က တပ်ပေါင်းစု အစည်းဝေးခန်းမကြီးထဲမှာ စတင်ခဲ့ပါတယ်။

ကျနော်တို့ ဘက်မလိုက်အဖွဲ့က ကြားဝင်အဆိုပြုသူဆိုတော့ သဘာပတိအဖြစ်ရော၊ အခန်းနားမှူးအဖြစ်ပါ တာဝန်ယူရပါတယ်။ ထိုင်ခုံနဲ့ စားပွဲတွဲထားတဲ့ ခုံတွေကို တြိဂံပုံစံစီ၊ ကျနော်တို့က အလယ်မှာ ဗဟိုကိုယ်စားလှယ် နှစ်ဖက်ကဘေးမှာထိုင်ပြီး စားပွဲဝိုင်းဒီဇိုင်းသစ်ပုံစံနဲ့ ဆွေးနွေးမှုလုပ်ခဲ့တာပါ။

ဒီဆွေးနွေးပွဲတွေအားလုံးကို ကိုနိုင်အောင်တို့ ဗဟိုဘက်ကနေ ဓာတ်ပုံ၊ ဗွီဒီယို မှတ်တမ်းနဲ့ အသေချာလုပ်ထားပြီး ကျနော်တို့ ဘက်မလိုက်အဖွဲ့ဆီ မိတ်တ္တူတခုပေးထားပေမယ့် မင်းသမီးစခန်းကနေအဆုတ်မှာ အဲဒီဗွီဒီယို မှတ်တန်း ၆-ခွေစလုံး ပျောက်ဆုံးသွားခဲ့ပါတယ်။

ပုံ- ၂- ကျောင်းသားစခန်းဌာနချုပ်ဟောင်း လောကွားလူကုန်းကို ၁၉၉၂ ဝန်းကျင်က တွေ့ရစဉ်။

ကိုနိုင်အောင်တို့ ဗဟိုမှာရှိတဲ့ အခွေတွေအားလုံးကိုတော့ ဥရောပနိုင်ငံတခုက Archive သိမ်းတဲ့ဌာနတခုမှာ အပ်နှံထားတဲ့အတွက် လောလောဆယ် ပြန်ယူကြည့်ရှုလို့ မရနိုင်သေးပဲဖြစ်နေပါတယ်။ ဆွေးနွေးပွဲမှာ ပါခဲ့သူတွေကို မေးမြန်းတဲ့ အခါမှာလည်း ကောင်းကောင်းမှတ်မိသူ မရှိသလောက် ဖြစ်နေတဲ့အတွက် ကျနော်မှတ်မိသမျှကိုသာ အားကိုးပြီး ဒီဆောင်းပါးကို ရေးသားတင်ပြနိုင်မှာ ဖြစ်ပါတယ်။

ကျနော်မှတ်မိသလောက် အဲဒီလို ပေါင်းစည်းရေးဆွေးနွေးပွဲ လုပ်တဲ့အချိန်ဟာ ၁၉၉၃ မေလ လောက်ဖြစ်မယ်လို့ ထင်ပါတယ်။ ပထမအကြိမ်ဆွေးနွေးပွဲ တက်ရောက်သူ စာရင်းထဲမှာ ဒေါက်တာနိုင်အောင်တို့ဘက်က ဥက္ကဋ္ဌ ကိုနိုင်အောင်၊ ဒုဥက္ကဋ္ဌ ကိုကျော်ကျော်၊ အထွေထွေအတွင်းရေးမှူး ကိုမျိုးဝင်း၊ အတွင်းရေးမှူး ၂ ကိုဌေးအောင်၊ စိုင်းမြင့်သူနဲ့ ထိပ်တန်းခေါင်း ဆောင် ၅ ဦးခန့် တက်ရောက်ပါတယ်။

ကိုမိုးသီးဇွန်တို့ဘက်က ဒု ဥက္ကဋ္ဌ ကိုအောင်သူငြိမ်း၊ အတွင်းရေးမှုး ၂ ကိုဌေးနိုင်၊ ကိုကျော်ကို၊ ကိုမင်းမင်းနဲ့ ထိပ်တန်း ခေါင်းဆောင် ၅ ဦးခန့် တက်ရောက်ခဲ့ပါတယ်။ ကျနော်တို့ ဘက်မလိုက်အဖွဲ့က ပါဝင်သူ ၃-ဦးကတော့ ကျနော်၊ ကိုအောင်မော်နဲ့ ကိုအောင်သန့်တို့ ဖြစ်ပါတယ်။

စာမျက်နှာ ၂-မျက်နှာပါ ကျနော်တို့ ဘက်မလိုက်အဖွဲ့ကတင်ပြတဲ့ ပြန်လည်ပေါင်းစည်းရေး အဆိုပြုချက်တွေကို ၂ ဖက်စလုံးက မူအရ လက်ခံတယ်လို့ ပြောတာကို ကျနော်အမှတ်ရနေပေမယ့် အဲဒီ ၂ မျက်နှာမှာပါဝင်တဲ့ အချက်လက်နဲ့ စာသားတွေကို မမှတ်မိပဲ ဖြစ်နေပါတယ်။

ညနေပိုင်းရောက်တဲ့အထိ တိကျတဲ့ဆုံးဖြတ်ချက် မရတဲ့အတွက် အလားတူ ဆွေးနွေးပွဲတွေကို ရှေ့သီတင်းပတ်ကျရင် ၂ ဖက်ဗဟိုဌာနချုပ်တွေဆီမှာ ဆက်လုပ်မယ်လို့ သဘောတူပြီး မာနယ်ပလော ဆွေးနွေးပွဲကို ရပ်နားလိုက်ပါတယ်။

ပုံ-၃- ပြန်လည်းပေါင်းစည်းရေးဆွေးနွေပွဲ ပထမ အကြိမ်ကျင်းပတဲ့ မာနယ်ပလောဌာနချုပ်စခန်းကို ၁၉၉၂ ဝန်းကျင်က တွေ့ရစဉ်။

ထက်အောင်ကျော်

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၈) >>>>>