ရေဖြူ-ထားဝယ် လမ်းပိုင်းတွင် စစ်ကောင်စီကား မိုင်းဆွဲခံရ

0
4236

ရေဖြူမြို့နယ် ရေဖြူ -ထားဝယ် လမ်းပိုင်းတစ်နေရာဖြစ်သည့် ဇီးကျရွာ တိုးဂိတ်အနီးတွင် ယနေ့ ဒီဇင်ဘာလ ၁၀ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်လာသည့် ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။  

ယနေ့ မွန်းလွဲ ၂ နာရီကျော်တွင် ဇီကျရွာတိုးဂိတ်ဘက်တွင် မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး မိနစ်အနည်းငယ်ကြာတွင် ပစ်ခတ်သံများ အဆက်မပြတ် ထွက်လာကြောင်း အနီးဝန်းကျင်မှ ဒေသခံတစ်ဦးက ဆိုသည်။

“အသံလည်းကြားတယ်။ မီးခိုးတွေလည်း မြင်လိုက်တယ်” ဟု ၎င်းက ပြောသည်။

မိုင်းဆွဲခံရပြီးနောက် မိနစ် ၂၀ ခန့်ကြာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားတစ်စီးသည် ထားဝယ်ဘက်သို့ မောင်းထွက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

မိုင်းဆွဲခံရမှုကြောင့် ထိခိုက်မှု ရှိမရှိအခြေအနေနှင့် မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်တို့ကို Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။

မိုင်းဆွဲခံရသောနေရာသည် ရန်ကုန်- ထားဝယ် ပြည်ထောင်စုကားလမ်းမတွင်ဖြစ်ပြီး ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း ခရီသည်တင်အဝေးပြေးယာဉ်များ နေ့စဉ်ဖြတ်သန်းသွားလာနေသည့် လမ်းပိုင်းတစ်နေရာလည်း ဖြစ်သည်။