ပလမြို့ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရ

0
3685

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) က ဒီဇင်ဘာလ ၈ရက်ညနှင့် ယနေ့ ဒီဇင်ဘာလ ၉ ရက် နံနက်ပိုင်းတို့တွင် လာရောက်ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပလမြို့ရဲစခန်းအား ယနေ့နံနက် ၁၁ နာရီဝန်းကျင်က လာရောက်ကာ ၁၅ မိနစ်ခန့်ကြာ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ရဲစခန်းကို လာပစ်တာ သေနတ်သံတွေ ဆူညံနေတယ်။ ဆေးရုံနားက (ရပ်ကွက်အုပ်ချုပ်ရေးမှူး) ရုံးဟောင်း တစ်ခုကိုလည်း ဖောက်ခွဲ သွားတယ်။ အသေအပျောက်တော့ မကြားရသေးဘူး” ဟု ပလမြို့ဒေသခံ အမျိုးသမီး တစ်ဦးက ပြောဆိုသည်။

ပြီးခဲ့ညကလည်း ပလမြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ လာဝိုင်းခဲ့သေးပြီး ပစ်ခတ်မှုများ ဖြစ်သေးကြောင်း ဒေသခံများက ဆိုသည်။

“ညက တစ်ညလုံးမအိပ်ရဘူး။ သေနတ်သံတွေ၊ လက်နက်ကြီးသံတွေကြောင့် ထထထိုင်နေရတယ်။ တစ်ချိန်တည်း သုံးလေးနေရာတောင် ပစ်နေကြတာ” ဟု ပလမြို့၊ မင်းပြင်ရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် မြို့ပေါ်လမ်းများတွင် လူအသွားအလာနည်းသွားပြီး ကျောင်းအချို့လည်း ပိတ်လိုက်ရကြောင်း ပလဒေသခံတစ်ဦးက ဆိုသည်။

ဒီဇင်ဘာလ ၈ ရက်နေ့က ပုလောမြို့အတွင်းသို့ ပြည်သူ့ကာကွယ်ရေးတပ်သားအချို့ဝင်ရောက် ပစ်ခတ်ခဲ့ပြီးနောက် လက္ကူး၊ နန်းတောင်နှင့် ပုလောကျေးရွာအုပ်စုဖက်သို့ ပုလော (၂၈၅) တပ်ရင်းဘက်က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပလမြို့တွင် ရပ်ကွက်လေးခုရှိပြီး အိမ်ခြေနှစ်ထောင်နီးပါးရှိကြောင်း ဒေသခံများထံမှ သိရသည်။