သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၆)

0
2610
မင်းသမီးစခန်း၊ တပ်ရင်းရုံးရှေ့မှာတွေ့ရတဲ့ ဘက်မလိုက်အဖွဲ့ ညီလာခံ ကိုယ်စားလှယ်များ။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၅)

အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်ညီညွတ်ရေးအဖွဲ့)

အခန်း-၃၆-

(၁) ဒုတိယအကြိမ် တပ်ရင်းညီလာခံ

မာနယ်ပလောကရဲဘော်တွေ စခန်းကို ပြန်ရောက်ပြီးချိန်မှာ ရှေ့တန်းအသီးသီးက တပ်မှူးတွေကို ဆင့်ခေါ်ပြီး ကျနော်တို့ ဘက်မလိုက်အဖွဲ့ရဲ့ စုံညီအစည်းဝေး သို့မဟုတ် တပ်ရင်းညီလာခံကို ထပ်လုပ်ခဲ့ပါတယ်။ စခန်းကော်မတီဝင်တွေ၊ တပ်မှူးတွေ၊ ဆေး၊ ဆက်သွယ်ရေး၊ ထောက်လှမ်းရေးတပ်ဆွယ်က တပ်ဆွယ်မှူးတွေ အပါအဝင် ကိုယ်စားလှယ် ၃၀-ခန့် ညီလာခံကို တက်ရောက်ခဲ့ပြီး ဘက်မလိုက်အဖွဲ့ ရှေ့ရေးကိစ္စတွေကို ၁၀-ရက်ခန့် ဆွေးနွေးခဲ့ပါတယ်။

ကျနော်မှတ်မိသလောက် အဓိကဆွေးနွေးတဲ့ အချက်တွေထဲမှာ ဘက်မလိုက်အဖွဲ့ရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ နှစ်ဖက်ဗဟို နှစ်ခု ပြန်လည်ပေါင်းစည်းရေးအတွက် လုပ်ငန်းစဉ်ဆွဲပြီး အတိအကျဆောင်ရွက်ဖို့၊ တခြားတပ်ရင်းတွေထက်သာအောင် အဖက်ဖက်က တိုးတက်အောင်ပြင်ဆင်ဖို့၊ ပင်လယ်ပြင် ရန်ပုံငွေရှာနိုင်ရေးအတွက် သီးခြားတပ်စုတခုဖွဲ့ဖို့ အချက်တွေပါဝင်တယ်လို့ထင်ပါတယ်။

ညီလာခံအပြီး နောက်ဆုံးရက်မှာတော့ စခန်းကော်မတီအသစ်၊ တပ်မှူးအသစ်တွေကို ပြန်လည်ရွေးချယ်ခဲ့ပြီး ကျနော်က ဥက္ကဋ္ဌ၊ အရင် ဘန်ဏ္ဍာ-ထောက်ပံ့တာဝန်ခံ ကိုအောင်မော်က အတွင်းရေးမှူးဖြစ်လာပါတယ်။ ဦးဟန်လင်းက စည်းရုံးပြန်ကြားအဖြစ် ဆက်လက်တာဝန်ယူပြီး စခန်းကော်မီတီကို ၅ ဦးတည်းနဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။

တပ်မှူးတွေအဖြစ်ကတော့ မူလတပ်ရင်းမှူး ကိုသောင်းညွန့်ကိုပဲ တပ်ရင်းမှူးအဖြစ် ဆက်လက်တာဝန်ပေးပြီး မာနယ်ပုလောပြန်စစ်ကြောင်းမှူး ကိုမင်းဇော်သူက ဒုရင်းမှူး ဖြစ်လာပါတယ်။ တပ်ရေးအရာရှိ ကိုဇော်မင်း (၁၉၉၃ မှာ ရနောင်းဖက်မှာ ကိုမင်းဇော်သူနဲ့အတူ ပျောက်ဆုံး) ကို ပင်လယ်ပြင် စစ်ကြောင်းမှူးအဖြစ် သီးခြားခန့်အပ်လိုက်ပြီး ကိုမင်းဇော်ရွေကိုတော့ တပ်ရေး-တပ်ထောက်ဗိုလ် နှစ်ခုစလုံးကို တွဲကိုင်ဖို့ တာဝန်ပေးလိုက်ပါတယ်။

တပ်ခွဲမှူးတွေထဲမှာတော့ မူလခွဲမှူးတွေဖြစ်တဲ့ ကိုခင်မောင်ချိုနဲ့ ကိုသိန်းမြင့်ကျော်တို့ကိုပဲ ဆက်လက် တာဝန်ပေးပါတယ်။ ဒု တပ်ခွဲမှူးကနေ ဒုရင်းမှူးဖြစ်သွားတဲ့ ကိုမင်းဇော်သူ နေရာမှာ ကိုဖိုးချိုခေါ် ကိုညီညီလွင် (အခု သြစတြေးလျ) က တပ်ခွဲ ၂-ရဲ့ ဒု ခွဲမှူးဖြစ်လာပြီး တပ်ခွဲ ၁-ဒု ခွဲမှူးကတော့ မူလ ဒု ခွဲမှူး ကိုကျော်သူကိုပဲ ဆက်လက် တာဝန်ပေးခဲ့ပါတယ်။

အဲဒီလို တပ်ရင်းညီလာခံကျင်းပတဲ့ ကာလဟာ ၁၉၉၂ အောက်တိုဘာ ဝန်းကျင်ဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ ဒီလို တာဝန်တွေခွဲပြီးနောက်မှာတော့ ပင်လယ်ပြင်စစ်ကြောင်း အပါအဝင် ရှေ့တန်း အသီးသီးဆီ ကျနော်တို့တပ်တွေ ပြန်ဆင်းကြပါတယ်။

(၂) တနင်္သာရီမြစ်ကို ဆန်တက်ခြင်း

ကျောက်ဆောင်တွေများလှတဲ့ တနင်္သာရီမြစ်ကို ထီးထားနဲ့ မေတ္တာအကြား တနေရာမှာ မြင်ရပုံ…

ကျနော်ကိုယ်တိုင်လည်း DAB စစ်ကြောင်းရဲ့တာဝန် ရှိသူတဦးအနေနဲ့ စစ်ကြောင်း ၁-တည်ရှိရာ နတ်အိမ်တောင်၊ မေတ္တာ၊ ဘန်းချောင်းဒေသဆီ ရှေ့တန်းထွက်ဖို့ပြင်ပါတယ်။ အဲဒီကာလ KNU ဘက်က ကျနော်နဲ့တွဲရတဲ့ စစ်ကြောင်းမှူးကတော့ တပ်မဟာ ၄-စစ်ဆင်ရေးဌာနမှ ဗိုလ်မှူးကြီး မူးကပေါ် ဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ ကျနော်တောခိုစက ဝင်လာတဲ့လမ်းကြောင်း ဘန်းချောင်းဒေသကို ပထမဆုံးအကြိမ် ပြန်သွားခွင့်ရတာမို့ စိတ်ထဲ အတော်လှုပ်ရှားနေပါတယ်။ စက်လှေ နှစ်စီးနဲ့ ထွက်လာတဲ့ ကျနော်တို့စစ်ကြောင်းဟာ မင်းသမီးစခန်းကနေ အမိုရွာ၊ ဆင်ဖြူတိုင်ရွာတွေကို ကျော်ပြီး အိုင်ဝိုင်းရွာ မရောက်ခင်မှာ မိုးချုပ်သွားတဲ့အတွက် ချောင်းဘေးမှာပဲ တညတာ စခန်းချလိုက်ရပါတယ်။

ဘာကြောင့်မှန်းတော့ မသိ။ ဒီလမ်းကြောင်းမှာတော့ အရင် တပ်ခွဲ ၁-ပပြင်ဂွင်ဘက်ကို ဆင်းစဉ်ကလိုမျိုး KNU ဂိတ်ရဲ့ စစ်ဆေးမှုကို ခံရခြင်းမရှိပါ။ အမိုရွာအလွန်မှာ အခြေစိုက်ထားတဲ့ တပ်ရင်း ၁၀-ဂိတ်မှာ ခေတ္တနားပေမဲ့ “ဝါလဲဂေး ယောက်ဖ” လို့ အပြန်အလှန် နှုတ်ဆက်ရုံထက်ပိုပြီး စစ်ဆေးတာမျိုး မတွေ့မိပါ။

အမိုရွာဟာ အသစ်ဆောက်ထားတဲ့၊ စီးပွားရေးဖြစ်ထွန်းတိုးတက်နေတဲ့ ရွာတခုအသွင်ကို ဆောင်နေပြီး ဆင်ဖြူတိုင်ကတော့ ရာဇဝင်ထဲကရွာအဖြစ် ပိုသရုပ်ပေါ်နေတယ်လို့ ကျနော် စိတ်ထဲထင်မိပါတယ်။

အတွင်းရေးမှူး ကိုအောင်မော်- မင်းသမီးခစန်းမှာကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲမှာ အမှာစကားပြောကြားနေစဉ်။

ရှေ့ပိုင်းအခန်းတွေမှာ တင်ပြခဲ့တဲ့အတိုင်း အမရာ၊ ဆင်ဖြူတိုင်၊ အိုင်ဝိုင်းရွာ ဆိုတာတွေဟာ ဒုတိယ ကမ္ဘာစစ်ကာလက ရဲဘော်သုံးကျိပ်စစ်ကြောင်း ထိုင်းနိုင်ငံကနေ ထားဝယ်မြို့ဆီ ချီတက်လာတဲ့လမ်းကြောင်းမှာ အရေးပါတဲ့ရွာတွေ ဖြစ်ပါတယ်။ (အခုတော့ ကန်ချနပူရီ-ထားဝယ် ကားလမ်းစီမံကိန်းသစ်အတွက် အရေးပါတဲ့ရွာတွေ ဖြစ်နေခဲ့ပါပြီ။)

အမရာကနေ မေတ္တာချောင်းဝအထိ တက်လာရတဲ့ တနင်္သာမြစ်ကြောင်းလမ်းဟာ အမရာ-မောထာ၊ ချောင်းမကြီး၊ စော်လဝ၊ ကော့မပြင်းဘက် ဆင်းတဲ့လမ်းထက် ၃၊ ၄ ဆမက ကျောက်ဆောင်တွေ ထူပြောပြီး ရေကလည်း အလွန်တိမ်တဲ့အတွက် (အချိန်ကလည်း နိုဝင်ဘာနှောင်းပိုင်းမို့ ရေနဲနေ) မကြာခဏ လှေဆင်းတွန်းတာ။ လှေကိုကြိုးနဲ့ချည်ပြီး ကုန်းပေါ်ကနေ ဆွဲရတာတွေနဲ့ အချိန် အတော်ကုန်ခဲ့ပါတယ်။

ဒီလိုနဲ့ အိုင်ဝိုင်းရွာမှာ တညအိပ်ပြီး နောက်တနေ့ နေ့လည်ပိုင်းကျမှ ကျနော်တို့ ယာယီစခန်းချမယ့် ကလက်ကီးစခန်းကို ရောက်ပါတယ်။ အဲဒီကာလ ကလက်ကီး အခြေစိုက် KNU တပ်ရင်း ၁၀၊ တပ်ခွဲ ၂-ခွဲမှူးက ဗိုလ်ဒူးနာ (နော်ပိုင်း တပ်ရင်း ၁၀-ဒုရင်းမှူး) လို့ ထင်ပါတယ်။ ကလက်ကီးကို ကျနော်တပ်ဖွဲ့ ရောက်သွားချိန်မှာ DAB စစ်ဆင်ရေးမှူး ဗိုလ်မှူး မူးကပေါ်နဲ့အဖွဲ့ မရောက်သေးတဲ့အတွက် စောင့်နေရပြီး သတင်းတပတ်ခန့်ကြာမှ စစ်ကြောင်းဆက် ထွက်နိုင်ခဲ့တယ်လို့ ကျနော်မှတ် မိနေပါတယ်။

(၃) ဘန်းချောင်းဒေသသို့ ပြန်ရောက်ခြင်း

စာရေးသူနှင့် ရဲဘော်အချို့ကို ဘန်းချောင်းနှင့် မင်းသမီးခစန်းအကြား တောလမ်းတနေရာ၊ တောင်ထိပ်မှာ တွေ့ရစဉ်။

တပ်ခွဲမှူး ဘိုင်သိန်းမြင့်နဲ့ အင်အား ၃၀-ခန့်က နတ်အိမ်တောင်နဲ့ လေးအိမ်စုဖက်ကို ဆက်သွားပြီး ကျနော်နဲ့ ဒုခွဲမှူး ကိုညီညီလွင် အပါအဝင် အင်အား ၃၀- ခန့်က ကျနော်တို့ မူလတောစခိုစဉ်က နေခဲ့ဖူးတဲ့ ဘန်းချောင်းဒေသဆီ ချီတက်လာပါတယ်။ တခြားရဲဘော်တွေအတွက် ဒီဒေသတွေဟာ အခေါက်ခေါက် ရောက်ဖူးပြီးဖြစ်လို့ ဘာမှမထူးဆန်းတော့ပေမယ့် နှစ်နှစ်လောက်ကြာမှ ရှေ့တန်းတခါရောက်ဖူးတဲ့ ကျနော့်အဖို့တော့ သွားလေရာ အထူးအဆန်းဖြစ်နေပါတယ်။

ကလက်ကီးကနေ လှေစီးပြီးအပေါ်ကို ဆန်တက်လာတော့ မေတ္တာရွာ (အခု မေတ္တာမြို့နယ်ခွဲ) နား အရောက်မှာ လှေရပ်လိုက်ရပါတယ်။ စစ်တပ် ဂိတ်ကိုဖြတ်ရမှာမို့ စစ်ကြောင်းတခုလုံး တောလမ်းကသွားပြီး စက်လှေနဲ့ လှေသမားလောက်ပဲ ဂိတ်ရှေ့ကနေဖြတ်သွားမယ်လို့ ဆိုပါတယ်။ ကျန်တဲ့ ရဲဘော်အားလုံး သိပြီးကိစ္စဖြစ်ပေမယ့် စစ်ကြောင်းမှူးကြီး ကျနော့်အတွက်တော့ ဒါဟာ ပထမဆုံး အတွေ့အကြုံ ဖြစ်နေပြန်ပါတယ်။

မိနစ် ၂၀-ခန့် တောတိုး လမ်းလျှောက်ပြီးတော့ လှေပေါ်ပြန်တက်ရပါတယ်။ နောက်ထပ် မိနစ် ၃၀-ကျော်အကြာမှာတော့ ဒီဒေသရဲ့ အစည်ကားဆုံးဈေးတန်းရှိရာ ဖေါင်းတောရွာကို ရောက်ပါတယ်။ ဖေါင်းတောရွာဟာ တနင်္သာရီမြစ်လက်တက် ဘန်းချောင်းရဲ့ တဖက်တချက်စီမှာ အိမ်တွေ ဆောက်ထားတာဖြစ်ပြီး ချောင်းဘေးမှာ ကွမ်းသီးဈေး တန်းကြီးရှိနေပါတယ်။

ဒီဈေးတန်းဟာ ရှေ့မှာကျနော်တင်ပြခဲ့ဖူးတဲ့ မက်သလေ၊ သေဘောဘိုး၊ မောထာ ကုန်သွယ် ရေးခစန်းတွေလို အတော်စည်ကားတဲ့ ဈေးတန်းကြီးဖြစ်ပြီး ကရင်နယ်မြေတလျှောက်က ထွက်သမျှ ကွမ်းသီးတွေ ရောင်းချတဲ့ အဓိကနေရာကြီး ဖြစ်ပါတယ်။

အများအားဖြင့် ဒီဈေးတန်းကို KNU တပ်တွေက ထိမ်းချုပ်ထားပြီး နဝတ-တပ်တွေလည်း မကြာခဏ ဝင်လာလေ့ရှိတယ်လို့ ဆိုပါတယ်။ ကျနော်တို့တပ်တွေကတော့ အဲဒီဈေးတန်းအတွင်း ဒီတိုင်းပဲဝင်သွားပါတယ်။ ဈေးထဲရှိ လူအားလုံးဟာ ထားဝယ်-ကရင် တွေဖြစ်ကြပြီး ကျောင်းသားတွေနဲ့ ရင်းနှီးနေသူတွေ၊ နောက်တခါ ထားဝယ်မှာနေစဉ်က ကျနော်တို့ကို သိဖူးတဲ့လူတွေ ဖြစ်နေတဲ့အတွက် သူတို့ဧည့်ခံသမျှ ကျနော်တို့တပ်ဖွဲ့ အားပေး ခဲ့ကြတာကို အမှတ်ရနေပါတယ်။

ဖောင်းတောရွာပြင်က တောင်ကုန်းပေါ်မှာ တညအိပ်ပြီးတဲ့နောက် လှေစီးလိုက်၊ လမ်းလျှောက်လိုက်နဲ့ ကထောင်းနီဒေသဆီ ကျနော်တို့စစ်ကြောင်း ဆက်လက်ချီတက်ခဲ့ပါတယ်။ လမ်းမှာတညအိပ်ပြီး နောက်တရက်မှာတော့ ကျနော်တို့ စတင်တောခိုစဉ်က မယ်ညား-ပါသားနဲ့ ဝါးရင်းတုတ်သင်တန်း တက်ဖူးတဲ့ KNU တပ်ခွဲ ၁-ရုံးဆီ ရောက်လာပါတယ်။

အဲဒီအချိန်အထိ မြို့နယ်ဥက္ကဋ္ဌအဖြစ် ပဒိုရေမွန်ဗူး၊ တပ်ခွဲမှူးအဖြစ် ဗိုလ်ဖားခလေးတို့ ဆက်လက်တာဝန်ထမ်းနေဆဲ ဖြစ်ပါတယ်။ ဒီတကြိမ်မှာတော့ ကျနော်တို့မှာလည်း လှည်းနဲ့ နွားနဲ့ဖြစ်နေပြီဆိုတော့ အရင်တုန်းကလို KNU ကနေရာချပေးတဲ့ တဲအိုပျက်မှာ နေစရာမလိုတော့ပဲ ကိုယ်တဲကိုယ်ဆောက်၊ ကိုယ်ရိက္ခာကိုယ်မှာပြီး KNU ရုံးနဲ့ မနီးမဝေးက တောင်ကုန်းတခုမှာ စခန်းချလိုက်ပါတယ်။

မူလအစီစဉ်တိုင်းဆိုရင် ဒီမှာရုံးစိုက်ပြီး ကျနော်တို့ တောစခိုစဉ်က ရောက်ခဲ့တဲ့ ဗကပ-ဂွင် တောင်ပျောက်၊ မကဲ-ကျောက်အိုင်၊ ရှင်မုတ္ထိးဘက်နဲ့ သရက်ချောင်းဘက်ကို လှုပ်ရှားဖို့ဖြစ်ပေမယ့် ဗကပနဲ့ ကျနော်တို့ စစ်ကြောင်းအကြားမှာ ဆက်သွယ်ရေးစက် အဆက်အသွယ် အဆင်မပြေဖြစ်ခဲ့ပါတယ်။

ဒီလိုနဲ့ ရှေ့တန်းသွားမယ်ဆိုပြီး ထွက်လာတဲ့ ကျနော်တို့စစ်ကြောင်းဟာ ဘန်းချောင်းဒေသရှိ ကထောင်းနီရွာဝန်းကျင်က ကရင်ရွာလေးတွေရဲ့ ခရစ်စမတ်ပွဲတွေဆီ လှည့်လည်ရင်းနဲ့ အချိန်ကုန်ခဲ့ရပါတယ်။

ကထောင်းနီ၊ ကျောက်ထူ၊ သပြုချောင်း စသဖြင့် ကရင်-ထားဝယ်ရွာတွေ ဝန်းကျင်းမှာ သတင်းနှစ်ပတ်လောက်ကြာ ပြီးတဲ့အခါမှာတော့ နောက်တန်းမှာ တခြားတာဝန်ရှိတွေ လုပ်စရာရှိလို့ ကိုညီညီလွင်နဲ့အဖွဲ့ကိုထားခဲ့ပြီး ကျနော်နဲ့ ရဲဘော် ၄-ဦး မင်းသမီးစခန်းဆီ တောလမ်းကနေ ကုန်ကြောင်းနဲ့ ပြန်လာခဲ့ပါတယ်။
…………………………………

ထက်အောင်ကျော်