လယ်သစ်စစ်ဘေးရှောင်နှစ်ထောင်ခန့်ရိက္ခာအကူအညီလိုအပ်

0
3307

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာမှ စစ်ဘေးရှောင်နေရသူ နှစ်ထောင်ခန့် စားနပ်ရိက္ခာ အကူအညီလိုအပ်နေကြောင်း စစ်ရှောင်များထံမှသိရသည်။

နိုဝင်ဘာ ၂၃ ရက်နေ့က လယ်သစ်အနောက်ကမ်းသို့ ပျူစောထီးပါဝင်သည့် စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာသည့်အတွက် ရွာသားများ ဘေးလွတ်ရာ တောတောင်အတွင်း တိမ်းရှောင်ခဲ့ကြရသည်။

နိုဝင်ဘာ ၂၅ မှ နိုဝင်ဘာ ၂၇ အထိ လယ်သစ်ရွာတွင် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၈ ရက်နေ့တွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွါခဲ့ကြသည်။

ယင်းနောက် ဒီဇင်ဘာ ၂ ရက်ခန့်မှစပြီး ရွာသားတစ်ချို့ ရွာအတွင်းပြန်ဝင်ကာ နေထိုင်ခဲ့ကြသော်လည်း ယနေ့ (ဒီဇင်ဘာ ၅) ရက် နံနက်တွင် စစ်ကြောင်း ပြန်ထိုးလာသည်ဟု ကြားရပြန်သဖြင့် ရွာနှစ်ရွာရှိ ရွာသားအားလုံး တောအတွင်း ပြန်လည်ပြေးဝင်ခဲ့ကြရပြန်ကြောင်း ဒေသခံများကပြောသည်။

“ခဏခဏ ထိုးစစ်ဆင်နေပုံအရ ရွာမပြန်ဘဲ တောထဲမှာပဲ နေရတော့မဲ့ပုံပေါက်နေပြီ။ စားစရာတွေကလည်း ပြတ်တောက်။ဆန်ရှိရင် ဆီဆေးဆားက မလုံမလောက်။ အခက်အခဲက တော်တော်လေး ကြုံနေရတယ်”ဟု စစ်ရှောင်နေရသည့် အမျိုးသားကပြောသည်။

လက်ရှိတောတောင်အတွင်း မိသားစုအလိုက်စစ်ရှောင်နေသည့် ကလေးလူကြီး နှစ်ထောင်ဝန်းကျင်ရှိနေပြီး ရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်နေရကြောင်း ၎င်းတို့ကပြောသည်။

“ကမန်းကတန်း ပြန်ပြေးရတာဆိုတော့ ရိက္ခာတွေက သိပ်မပါလာကြဘူး။ရေရှည်ဆို တော်တော်အခက်အခဲကြုံမယ်”ဟု စစ်ရှောင် အမျိုးသမီးကပြောသည်။

ဒီဇင်ဘာ ၁ ရက်နေ့တွင် ၊အိမ်ထောင်စုတစ်စု ဆန်တစ်ပြည်နဲ့တစ်ခွက်၊ ခေါက်ဆွဲခြောက် တစ်ထုတ်နှင့် စားဆီအနည်းငယ်အား အနီးအနားရွာမှ လာလှူသည်ကို ရရှိခဲ့ကြောင်း စစ်ရှောင်နေသူ အမျိုးသမီးကပြောသည်။

ယင်းအပြင် ယခုရက်ပိုင်းအတွင်း အချိန်အခါမဟုတ် မိုးရွာနေသည့်အတွက် အမိုးအကာလုံလောက်မှုမရှိဖြစ်နေပြီး အမိုးအကာရှိသည့် နီးစပ်ရာတဲအတွင်း တိုးဝှေ့နေထိုင်ကြရကြောင်းလည်း စစ်ရှောင်များကဆိုသည်။

“မိုးမရွာရင်တော့ သစ်ပင်ဝါးပင်အောက် နေထိုင်ပြီး ထမင်းချက်စားလို့ရတယ်။ မိုးရွာရင်တော့ အကုန်(ရောထွေး) လုံးထုတ်ပဲ”ဟု ဒေသခံအမျိုးသား ကပြောပြသည်။

ဒေသခံအများစုမှာ လယ်ယာနှင့် ဥယျာဥ်ခြံမြေလုပ်ကိုင်ကြပြီး စပါးရိတ်သိမ်းချိန် ဖြစ်သော်လည်း လက်ရှိတွင် အသက်လုပြေးနေရသဖြင့် လှည့်ကြည့်နိုင်ခြင်းမရှိကြဟု စစ်ရှောင် ဒေသခံများကပြောသည်။

လယ်သစ်ကျေးရွာ အနောက်ကမ်းသို့ ပျူစောထီးပါဝင်သည့် စစ်ကောင်စီတပ်များ ၂၀၂၂ ခုနှစ် နှစ်အစမှ စတင်ကာ အကြိမ်ကြိမ်ထိုးစစ်ဆင်ဝင်ရောက်ပြီး ပြည်သူ့ကာကွယ်ရေး တပ်များရှိရာ လယ်သစ်အရှေ့ကမ်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိသည်။