ကျွန်းစုမြို့နယ်ရှိ ပျူစောထီးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အမြန်ဆုံးနုတ်ထွက်ကြရန် သတိပေး

0
3913

မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်ရှိစစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများနှင့် ပြည်သူ့စစ်များ အမြန်ဆုံးပြည်သူနှင့်ပူးပေါင်းရန် ကျွန်းစုပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့(ဒီဇင်ဘာ ၅) ထုတ်ပြန်လိုက်သည်။

ယနေ့မှစတင်ပြီး နုတ်ထွက်ကြရန်နှင့် လိုက်နာခြင်းမရှိပါက လုံးဝ(လုံးဝ)ခွင့်လွှတ်မည်မဟုတ်ဘဲ ထိရောက်စွာအရေးယူ ဆောက်ရွက်သွားမည်ဟုလည်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ကျွန်းစုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ၂၀၂၂ စက်တင်ဘာလ ၁၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းကြေညာချက်ကို ယခင်ကထုတ်ပြန်ခဲ့သည်ကို မတွေ့ရချေ။

အာဏာသိမ်းမှုဖြစ်ခဲ့ပြီးနောက် ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာ ၇ ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာသို့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်က ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးခေါင်းဆောင်တို့ သေဆုံးခဲသည်။

ယင်းနောက် နိုဝင်ဘာ ၂၉ ရက်တွင်လည်း ကျွန်းစုမြို့နယ်၊ဂျိုးတောင်ရွာအနီးတွင် နှစ်ဖက်တိုက်ပွဲထပ်မံဖြစ်ပြီး ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်ဖက်မှ ၄ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရခဲ့ကြောင်း ကျွန်းစုပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ထားသည်။

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်သည် ပျူစောထီးအင်အားကောင်းပြီး ပင်လယ်ရွာအများစုဖြင့် ဖွဲ့စည်းထားသဖြင့် ရေလမ်းကိုသာ အဓိကထား သွားလာကြရသည်။