မြဝတီတွင် ဖမ်းဆီးပိတ်လှောင်ခံရသော အိန္ဒိယနိုင်ငံသား ၃၈ ဦးကို ထပ်မံကယ်တင်နိုင်ခဲ့

0
3351

မြန်မာနိုင်ငံသို့ လူကုန်ကူးခံရပြီး မြဝတီတွင် ပိတ်လှောင်ခံထားရသည့် အိန္ဒိယနိုင်ငံသား ၃၈ ဦးကို ကယ်တင်ကာ နေရပ်ပြန်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက နိုဝင်ဘာလ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

ဒစ်ဂျင်တယ် ငွေကြေးလိမ်လည်မှုများ စေခိုင်းရန်အတွက် မြဝတီဒေသရှိ အွန်လိုင်းရာဇဝတ်မှုများ ကျူးလွန်နေသော ကုမ္ပဏီများတွင် ပိတ်လှောင်ခံထားရသူများ ဖြစ်သည်။

လူကုန်ကူးခံခဲ့ရသော အိန္ဒိယနိုင်ငံသားများကို ရန်ကုန်မြို့မှတစ်ဆင့် အိန္ဒိယနိုင်ငံ ကလကတ္တားမြို့သို့ ပို့ဆောင်နိုင်ခဲ့ကြောင်း အိန္ဒိယသံရုံး၏ Twitter စာမျက်နှာတွင် ဖော်ပြသည်။

IT ပညာရှင်လူငယ်များကို ဘန်ကောက်နှင့် ဒူဘိုင်းအခြေစိုက် အွန်လိုင်းအေဂျင်စီအချို့က ထိုင်းနိုင်တွင် လုပ်ကိုင်ရန် လစာအမြောက်အများဖြင့် မက်လုံးပေးကာ လိမ်လည်ခေါ်ယူပြီး မြန်မာနိုင်ငံဘက်သို့ လူကုန်ကူးခဲ့သည့်ကြောင်းကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သော စက်တင်ဘာလက သတိပေးထုတ်ပြန်ထားခဲ့သည်။

ပိတ်လှောင်ခံရသူများ ပြန်လွတ်ရန်အတွက်လည်း crypto-currency ကဲ့သို့သော ဆိုင်ဘာငွေကြေးလုပ်ငန်းများက ခြိမ်းခြောက်ငွေညှစ်ခဲ့ကြောင်း နိုင်ငံခြားရေးပြောခွင့်ရပုဂ္ဂိုလ် Arindam Bagchi က ပြောကြားထားသည်။

အိန္ဒိယနိုင်ငံသားများကို ကယ်တင်ရာတွင် ကူညီပေးခဲ့သော မြန်မာအာဏာပိုင်များ အခြားသက်ဆိုင်ရာ အဖွဲ့အစည်း များကို အသိအမှတ်ပြုကျေးဇူးတင်ရှိကြောင်း သံရုံးက ထုတ်ပြန်ထားသည်။

ပိတ်မိနေသေးသော အိန္ဒိယနိုင်ငံသားများ ဆက်လက်လွတ်မြောက်လာစေရန် အားထုတ်ကြိုးပမ်းသွားမည် ဖြစ်ကြောင်းလည်း ဆိုသည်။

အောက်တိုဘာလ အစောပိုင်း၌ မြဝတီမြို့ အွန်လိုင်းရာဇဝတ်မှုများတွင် ပိတ်မိနေသူ အိန္ဒိယနိုင်ငံသား ၄၆ ဦးကို ကယ်တင်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ နိုင်ငံသား ၁၆၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လိမ်လည်ခေါ်ယူနေသည်ဟု သံသယရှိသော အွန်လိုင်းအေဂျင်စီများကို အရေးယူနိုင်ရန် သက်ဆိုင်ရာ ပြည်နယ် အစိုးရဌာနများသို့ အေဂျင်စီအမည်များကို ဖြန့်ဝေပေးထားကြောင်း နိုင်ငံခြားရေးပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ပြီးခဲ့သော အောက်တိုဘာလတွင် အိန္ဒိယနိုင်ငံသား IT ကျွမ်းကျင်ပညာရှင် ၅၀၀ ကျော်အထိ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ဖမ်းဆီးပိတ်လှောင်ခံထားရပြီး ဆိုင်ဘာငွေကြေးလိမ်လည်မှုလုပ်ငန်းများတွင် အတင်းအကျပ် စေခိုင်းခံနေရကြောင်း အိန္ဒိယသတင်းဌာန GoaChronicle က ရေးသားခဲ့သည်။

မွန်ဘိုင်းဒေသအပါအဝင် တမီးနဒူဒေသနှင့် မဟာရှရှ်တရာဒေသရှိ အိန္ဒိယနိုင်ငံသား ၃၀၀ ကျော် မြန်မာနိုင်ငံ မြဝတီမြို့အနီး ရွှေကုက္ကိုလ်မြို့သစ်တွင် ဆိုင်ဘာရာဇဝတ်မှုများ ကျူးလွန်ရန် ဖမ်းဆီးခံခဲ့ရကြောင်း Time of India သတင်းဌာနက ပြီးခဲ့သော စက်တင်ဘာလတွင် အတိအကျရေးသားထားခဲ့သည်။

ရွှေကုက္ကိုလ်မြို့သစ်သည် ဆိုင်ဘာရာဇဝတ်မှုအပြင် တရားမဝင်လုပ်ငန်းများကို တရုတ်စီးပွားရေးလုပ်ငန်းရှင်များမှ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်နေပြီး အာရှလူငယ်များကို လစာမက်လုံးပေးကာ လိမ်ညာ ခေါ်ယူနေသည့် နေရာဖြစ်ကြောင်း အိန္ဒိယသတင်းဌာနများတွင် ရေးသားထားခဲ့ကြသည်။

တစ်ရက်လျှင် ၁၆နာရီ၊ ၁၇နာရီအထိ အတင်းအကျပ်အလုပ်လုပ်ခိုင်ကြောင်း Mid-Dayသတင်းဌာနက ရေးသားသည်။

လူကုန်ကူးခံရသူများသည် ၎င်းတို့ကို စေခိုင်းခဲ့သော သတ်မှတ်ပမာဏအထိ ပြီးပြတ်အောင် မလုပ်ပေးနိုင်ပါကလည်း နည်းလမ်းအမျိုးမျိုးဖြင့် ညှင်းပမ်းနှိပ်စက်ခံနေရသည့် ‘ရေထောင်’ အကြောင်းကို Time of India သတင်းဌာနက ဖော်ထုတ်ရေးသားခဲ့သေးသည်။

ရေထောင်ထဲတွင် လက်ထိပ်ခတ် ပုခုံးအထိရေနှစ်ပြီး တစ်နေ့လျှင် ၈ နာရီမှ ၁၀ နာရီအထိ မတ်တပ်ရပ်နေခဲ့ရခြင်း၊ ခြေထောက်အကြား တုတ်ချောင်းထားပြီး နာရီပေါင်းများစွာ ထိုင်ခဲ့ရခြင်း စသော နှိပ်စက်နည်းများကို ခံရသည်ဟု ပြန်လွတ်လာသူများ၏ ပြောဆိုချက်ကို ကိုးကားကာ ရေးသားခဲ့သည်။