ဗုံးစထိမှန်ပြီး ပုလောဆေးရုံတွင် တက်ရောက်ကုသနေသူ ဖမ်းခေါ်ခံရဟုဆို

0
3656

ဗုံးစထိမှန်ပြီး ဆေးကုသနေသည့် ဇနီးမောင်နှံနှစ်ဦးအနက် ခင်ပွန်းဖြစ်သူကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ဆေးရုံသို့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာ နိုဝင်ဘာလ ၁၄ ရက်နေ့က ဒရုန်းဖြင့် ဗုံးချခံရစဉ် ကျေးရွာအတွင်း ဆိုင်ကယ် စီးနင်းလာသည့် ဇနီးမောင်နှံနှစ်ဦးကို ဗုံးဆံထိမှန်ခဲ့သဖြင့် ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူနေရခြင်း ဖြစ်သည်။

ခင်ပွန်းဖြစ်သူမှာ ပုလောဆေးရုံ၌ ဆေးကုသမှုခံယူနေပြီး ဇနီးဖြစ်သူမှာမူ ဒဏ်ရာပြင်းထန်သဖြင့် မြိတ်ဆေးရုံကြီးတွင် တက်ရောက် ကုသမှုခံယူနေကြောင်း ဒေသခံများက ပြောဆိုသည်။

ယင်းအနက် အမျိုးသားဖြစ်သူကို ပုလောဆေးရုံသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက် ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အမျိုးသမီးကတော့ မြိတ်ဆေးရုံမှာပါ။ အမျိုးသားကိုတော့ ဖမ်းထားတယ်လို့ ကြားရတယ်” ဟု ကဒဲဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးသလို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိရသေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ကဒဲကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တို့က မိုင်းဆွဲခြင်း၊ နှစ်ဖက် အပြန်အလှန်ပစ်ခတ်ခြင်းများ မကြာခဏ ဖြစ်လေ့ရှိသည်။

ယင်းကျေးရွာအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များ ခိုအောင်းနေသည်ဟု ဆိုကာ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိသည်။

နိုဝင်ဘာလ ၁၄ ရက်က ဒရုန်းဖြင့် ဗုံးချမှုမှာလည်း စစ်ကောင်စီက ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံတို့က ပြောဆိုကြသည်။

ကဒဲကျေးရွာတွင် ပြီးခဲ့သည့်နှစ်အစမှစပြီး တိုက်ပွဲများ၊ အဖမ်းအဆီးများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေပြီး လက်ရှိတွင် ဒေသခံအချို့ ပြန်လည်နေထိုင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။