မြိတ်တွင် ငါးအမှုန့်ကြိတ်စက်ရုံကန်အတွင်း အောက်စီဂျင်ပြတ်ပြီး အမျိုးသားသုံးဦးသေဆုံး

0
4111

မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုံအတွင်းရှိ Vantage ငါးအမှုန့်ကြိတ်စက်ရုံ ငါးကန်အတွင်း အောက်စီဂျင်ပြတ်ပြီး အမျိုးသား သုံးဦးသေဆုံးသွားကြောင်း စက်ရုံတာဝန်ရှိသူနှင့် ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၁၃ ရက် ည ၈ နာရီဝန်းကျင်က ငါးအမှုန့်ကြိတ်သည့် ပါကေးငါးကန်အတွင်း ဝန်ထမ်းတစ်ဦး သန့်ရှင်းရေး ဆင်းလုပ်ခဲ့ရာမှ မူးမေ့လဲကျသွားကြောင်း ယင်းစက်ရုံတာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းကို ဆင်းကယ်ရာ ဆင်းကယ်သူအပါအဝင် အမျိုးသား သုံးဦး သေဆုံးခဲ့ရပြီး မန်နေဂျာအပါအဝင် ဝန်ထမ်း သုံးဦးလည်း ဆေးရုံတွင် အရေးပေါ်ကုသခံနေရကြောင်း ၎င်းက ဆိုသည်။

“ငါးက ကုန်တာနဲ့ ကန်သန့်ရှင်းရေးလုပ်ရတာ။ ဒါကပုံမှန်လုပ်နေကျပဲ။ မတော်တဆ ငါးကထွက်တဲ့ ဂစ်အနံ့ရှုမိပြီး အောက်စီဂျင်ပြတ်ပြီး ခုလိုဖြစ်သွားတာပါ” ဟု တာဝန်ရှိသူက ပြောဆိုသည်။

အကိုဖြစ်သူ မူးလဲသွားသည်ကို မြင်ရသဖြင့် ညီဖြစ်သူက ဆင်းကယ်ရာ ညီဖြစ်သူပါမူးလဲပြီး နောက်ထပ်သုံးဦး ဆင်းကယ်ကြကြောင်း ကုမ္ပဏီတာဝန်ရှိသူက ပြောသည်။

ညီအကိုနှစ်ဦးနှင့် ဆင်းကယ်သူ သုံးဦးအနက် တစ်ဦးသေဆုံးပြီး ကျန်နှစ်ဦးနှင့် ကန်ပေါ်မှ ကယ်ရန်ကြိုးစားသည့် မန်နေဂျာအမျိုးသားတစ်ဦးတို့မှာ ဆေးရုံတင်ခဲ့ရကြောင်း ၎င်းက ဆိုသည်။

ယင်းကုမ္ပဏီအနီးနေထိုင်သူ အမျိုးသမီးကမူ “ငါးကန်ထဲပြုတ်ကျလို့ ဆင်းကယ်ရာက ညီအကို နှစ်လောက်စလုံး သေတယ်။ အားလုံး ၃ ယောက်သေတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေလည်း အများကြီးပဲလာကြတာ” ဟု ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန လူမှုကွန်ရက်စာမျက်နှာတွင် ငါးကြိတ်ကန်အတွင်းရှိ မော်တာချိန်းကြိုး ဆင်းပြင်ရာမှ အောက်စီဂျင်ပြတ်ကာ ၃ ဦးသေဆုံးပြီး ၃ ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါစက်ရုံတွင် ယင်းဖြစ်ရပ်မျိုး မရှိခဲ့ဖူးသော်လည်း ကမ်းဝေးငါးဖမ်းလှေအချို့တွင်မူ ပါကေးငါးဆင်းတူးရာမှ အောက်စီဂျင်ပြတ်သေဆုံးမှုများ ယခင်က မကြာခဏဖြစ်လေ့ရှိကြောင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

မြိတ်မြို့တွင် တိရစ္ဆာန်အစာအဖြစ်ထုတ်လုပ်သည့် ငါးအမုန့်ကြိတ်စက်ရုံ ၅ ခုရှိကြောင်း ဒေသခံများထံမှ သိရသည်။