လောင်းလုံး ကြယ်တောင်ကျောင်းဆရာတော်နှင့် ကိုရင်၊ ကျောင်းသားများ အဖမ်းခံရ

0
5601

လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာ ကြယ်တောင်ကျောင်းဆရာတော် ယနေ့ နိုဝင်ဘာလ ၁၄ ရက် နံနက်စောစောတွင် ဖမ်းဆီးခံရကြောင်း ဒေသခံအချို့က ပြောသည်။

အာရုဏ်တက်ချိန်တွင် စစ်ကောင်စီတပ်သားအများအပြား လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး မည်သည့်အတွက် ဖမ်းဆီးခံရသည်ကိုမူ သေသေချာချာမသိရသေးကြောင်း ဒေသခံအချို့က ဆိုသည်။

ကျောင်းတွင်းရှိ ကိုရင်၊ ဘုန်းကြီးကျောင်းသားများအားလုံးကိုပါ ဖမ်းဆီးသွားခဲ့ပြီး ကျောင်းပိုင်ကားတစ်စီးကိုလည်း လိုင်စင်မရှိဟုဆိုကာ သိမ်းဆည်းသွားကြောင်း ဆရာတော်၏ တပည့်တကာတစ်ဦးက ပြောဆိုသည်။

“ဘာကြောင့်ဘယ်လိုဖမ်းသွားတယ်ဆိုတာတော့ ဘာမှမသိရသေးဘူး။ ‌ဆရာတော်နဲ့ ကျောင်းမှာရှိတဲ့သူ အကုန်လုံးကို ခေါ်သွားတယ်။ ကာရှေ့က (ကြယ်တောင်ကျောင်းလို့ စာတမ်းထိုးထားတဲ့) စာတွေကို ဖျက်ပြီးတော့ ယူသွားတယ် လို့တော့ သိရတယ်” ဟု ၎င်းက ပြောသည်။

ဆရာတော်အား လာရောက်ဖမ်းဆီးစဉ် ညင်းမော်ကျေးရွာနှင့် ဂေါ့အင်းကျေးရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းချထားခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

PDF များနှင့် ဆက်သွယ်သည်ဟုစွပ်စွဲကာ ဆရာတော်ကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သတင်းများထွက်နေကြောင်း ဂေါ့အင်းဒေသခံတစ်ဦးက ပြောဆိုသည်။

“ဘုန်းကြီးကျောင်းသားတွေ၊ ကိုရင်တွေကကျတော့ ဖုန်းကိုစစ်ဆေးပြီး ဖမ်းသွားတယ်ဆိုပြီး သတင်းထွက်နေတယ်။ ဟုတ်လား‌ မဟုတ်လားဆိုတာတော့ ကျွန်တော်လည်း သေချာမသိဘူး” ဟု ၎င်းက ပြောသည်။

ကြယ်တောင်သည် လောင်းလုံး ရှင်မော်သွား ကားလမ်းမဘေး ညင်းမော်ကျေးရွာနှင့် ဂေါ့အင်းကျေးရွာနှစ်ခုအကြား လူပြတ်သည့် လမ်းပိုင်းတွင်တည်ရှိပြီး တောင်ထိပ်တွင် ဘုန်းကြီးကျောင်းတည်ထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလက ကြယ်တောင်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲငယ်တစ်ခု ဖြစ်ပွားခဲ့ဖူးသည်။

ယင်းအချိန်ကလည်း ကြယ်တောင်ကျောင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များလာရောက်ပြီး စစ်ဆေးမေးမြန်းမှုများ လုပ်ခဲ့ဖူးကြောင်း ဒေသခံအချို့က ဆိုသည်။

နောက်တစ်လခန့်အကြာတွင် ကြယ်တောင်ကျောင်းနှင့် ဆယ်မိုင်ခန့်အကွာ ကညုံကျွန်းကျေးရွာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့စဉ်ကလည်း ကညုံကျွန်းရွာက ဒေသခံများအပါအဝင် သံဃာတော်တစ်ပါးလည်း အဖမ်းခံခဲ့ရသေးသည်။