ဇင်းကျိုက်တွင် နေအိမ်ရှစ်လုံးမီးလောင်၊ မိသားစုဝင် လေးဦးသေဆုံး

0
5077

မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ကွမ်းခြံကုန်းပိုင်းတွင် ယနေ့ နိုဝင်ဘာလ ၁၀ ရက် နံနက်ပိုင်းက နေအိမ်မီးလောင်ကျွမ်းမှုတွင် မိသားစုဝင် လေးဦးသေဆုံးကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံတို့ထံမှ သိရသည်။

ယနေ့ နံနက် ၄ နာရီဝန်းကျင်က ဒေါ်သန်းသန်းခိုင်ဆိုသူ၏ နေအိမ်မှ စတင်လောင်ကျွမ်းခဲ့သည့်မီးကြောင့် နေအိမ် ရှစ်လုံးနှင့် စပါးကျီတစ်လုံး ပျက်စီးဆုံးရှုံးသွားကြောင်း ၎င်းတို့ထံမှ သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ဒေါ်သန်းသန်းခိုင်အပါအဝင် မိသားစုဝင်များဖြစ်သည့် မောင်လင်းထွန်း၊ ဒေါ်ခင်စီနှင့် ဆဋ္ဌမတန်းကျောင်းသူ မဇင်ဇင်ဖြိုးတို့ သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“မီးထိန်းနိုင်တဲ့အချိန်မှာ အိမ်ရှစ်လုံး၊ စပါးကျီတစ်လုံး လောင်ကျွမ်းသွားတယ်။ မီးက ဒေါ်သန်းသန်ခိုင်အိမ်ကနေ စလောင်တာ၊ အဲဒီအိမ်က လူလေးဦးကတော့ သေဆုံးသွားတယ်” ဟု မီးလောင်မှုဖြစ်စဉ်အနီးရှိ ဒေသခံတစ်ဦးက ပြောသည်။

ယင်းမီးလောင်မှုကို ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေနှင့် သထုံမြို့နယ်တို့က မီးသတ်ယာဉ်၊ မီးသတ်ရေသယ်ယာဉ်၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ မီးသည် စိတ်ဝေဒနာသည် မောင်လင်းထွန်းဆိုသူ ဖယောင်းတိုင်ထွန်းရာကနေတဆင့် ကူးစက်လောင်ကျွမ်း သွားခြင်းဖြစ်သည်ဟု ယူဆနေကြကြောင်း လူမှုကယ်ဆယ်ရေးလုပ်ဆောင်သူများနှင့် ဒေသခံတို့က ပြောသည်။

“စိတ်ကျန်းမာရေးမကောင်းတဲ့ မောင်လင်းထွန်း ထွန်းထားတဲ့ ဖယောင်းကနေ စပြီးကူးစက်လောင်ကျွမ်း သွားတယ်လို့တော့ ယူဆနေကြတယ်” ဟု လူမှုကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် နေအိမ်မီးလောင်ကျွမ်းသွားသည့်အိမ်ထောင်စုများကို ဇင်းကျိုက်ညောင်ကျောင်းဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ယာယီပြောင်းရွှေ့ထားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇင်းကျိုက်မြို့တွင် ယခုတစ်ကြိမ်အပါအဝင် ယခုနှစ်အတွင်း မီးလောင်ကျွမ်းမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီဖြစ်သည်။

နိုဝင်ဘာလ ၈ ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ်အတွင်းက နှစ်တစ်ရာကျော်သက်တမ်းရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် သထုံမြို့နယ်က နှစ်တစ်ရာကျော် ဘုန်းကြီးကျောင်းတစ်ကျောင်းလည်း မီးလောင်းကျွမ်းခဲ့သေးသည်။