ထိုင်းသတ္တုတွင်းကုမ္ပဏီနှင့် ဒေသခံတိုင်းရင်းသား ကွမ်းခြံအမှု သိန်းထောင်ဂဏန်းအစား ရာဂဏန်းသာ လျော်ကြေး ပေးရန် တရားရုံးအမိန့်ချ

0
4044

ထားဝယ်မြို့နယ် ဟိန္ဒားကျေးရွာတွင် သတ္တုတူးဖော်ခွင့်ရ ထိုင်းနိုင်ငံသားပိုင်သတ္တုကုမ္ပဏီကြောင့် ဒေသခံ ကရင်တိုင်းရင်းသားတစ်ဦး၏ ကွမ်းခြံပျက်စီးသည့်အမှုကို ကျပ်သိန်းထောင်ဂဏန်းအစား ရာဂဏန်းသာ လျော်ကြေးပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ချမှတ်သည်။

NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်က ကျပ်သိန်း တစ်ထောင်ကျော် လျော်ကြေးပေးရန် တနင်္သာရီတိုင်း တရားလွှတ်တော်က အမိန့်ချထားသည့်အမှုကို စစ်ကောင်စီလက်ထက်တွင်မှု ကျပ်သိန်းရာဂဏန်းသာ လျော်ကြေး ပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

“အခုက စားဝတ်နေရေးကလည်း အရမ်းအခက်အခဲဖြစ်နေရတာနဲ့၊ ပြေးနေရတာနဲ့ (စစ်ဘေးရှောင်နေရတာနဲ့) ဆိုတော့ ရသမျှပဲ လက်ခံလိုက်ရတာပေါ့” ဟု ကာယကံရှင် ကရင်တိုင်းရင်းသား ဖထီးစောဒါးရွှေက ပြောသည်။

ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက် သတ္တုတူးဖော်ရေးကုမ္ပဏီ (MPC) ၏ စွန့်ပစ်ပစ္စည်းများကြောင့် ကွမ်းသီးပင်များ ပျက်စီးရခြင်းအတွက် လျော်ကြေးငွေရလိုကြောင်း ကရင်တိုင်းရင်းသားစောဒါးရွှေက ထားဝယ်ခရိုင်တရားရုံးတွင် ၂၀၁၅ ခုနှစ်က တရားစွဲခဲ့သည်။

ယင်းအမှုအား နှစ်ဖက်ကြားနာပြီးနောက် MPC သတ္တုကုမ္ပဏီက စောဒါးရွှေအား ကျပ်သိန်းတစ်ထောင်ကျော် (၁၁၄၈ သိန်း) လျော်ကြေးပေးရန် ထားဝယ်ခရိုင်တရားရုံးက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် အမိန့်ချမှတ်ခဲ့သည်။

ခရိုင်တရားရုံးတွင် အမှုရှုံးနိမ့်ခဲ့သည့် သတ္တုကုမ္ပဏီဘက်က တနင်္သာရီတိုင်းတရားလွှတ်တော်ထံ အယူခံဝင်ခဲ့သည်။

တိုင်းတရားလွှတ်တော်ကလည်း ထားဝယ်ခရိုင်တရားရုံးအမိန့်ကိုပင် ပြန်လည်အတည်ပြုကြောင်း ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် အမိန့်ချမှတ်ခဲ့သည်။ တနည်းအားဖြင့် စောဒါးရွှေက ထပ်မံအနိုင်ရရှိခဲ့သည်။

သတ္တုကုမ္ပဏီဘက်ကလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ ထပ်မံအယူခံဝင်ပြန်သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ အယူခံဝင်သည့်အမှုကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက အမိန့်ချမှတ်ခဲ့ရာ တနင်္သာရီတိုင်းတရားလွှတ်တော်က အမိန့်ချမှတ်ထားသည့် လျော်ကြေးငွေ ကျပ်သိန်းတစ်ထောင်ကျော်အစား ၂၇၆ သိန်းသာ ပေးချေရန် အမိန့်ချမှတ်လိုက်သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ချမှတ်ထားသည့်အမှုကို မကျေနပ်သဖြင့် စောဒါးရွှေက အထူးအယူခံ ပြန်လည် တင်သွင်းခဲ့ရာ တစ်နှစ်ခန့်အကြာ ၂၀၂၂ နှစ်လယ်ပိုင်းတွင် အထူးတရားရုံးက လက်မခံဘဲ ပယ်ချခဲ့သည်။

“နောက်ထပ် ထပ်တက်စရာနေရာ မရှိတော့ဘူး” ဟု စောဒါးရွှေဘက်က လိုက်ပါဆောင်ရွက်ပေးသည့် အကျိုးဆောင်ရှေ့နေက ပြောသည်။

စောဒါးရွှေနေထိုင်သည့် ထားဝယ်-ထီးခီးလမ်းပိုင်းသည် မကြာခဏတိုက်ပွဲဖြစ်ပွားနေရာဒေသတစ်ခုဖြစ်သည်။

ကွမ်းခြံပျက်စီးသွားပြီးနောက် တစ်နိုင်တစ်ပိုင် ကြက်၊ ဝက် မွေးမြူရေး၊ ပျားဖွတ်သည့်အလုပ်၊ နေ့စားအလုပ်သမား၊ ခဲယင်းသည့် အလုပ်များဖြင့် အသက်မွေးနေရသည့် စောဒါးရွှေတို့မိသားစုသည် အာဏာသိမ်းပြီးနောက်ပိုင်း မွေးထား သည့် ကြက်၊ ဝက်များကို ရရာဈေးဖြင့်ရောင်းချပြီး စစ်ဘေးရှောင်ရပြန်သည်။

“ပိုက်ဆံသွားယူဖို့တောင် လမ်းအခြေအနေကြည့်နေရသေးတယ်။ အခြေအနေ မအေးရင် မသွားရဲဘူး” ဟု စောဒါးရွှေက ပြောသည်။

ထားဝယ်မြို့ခံ အိမ်ခြံမြေအကျိုးဆောင်တစ်ဦး၏အဆိုအရ ထားဝယ်-ထီးခီးလမ်း ဘဝပင်ကျေးရွာ၊ ကျောက်မဲတောင် ကျေးရွာရှိ ကားလမ်းမဘေးတွင်မဟုတ်သည့် အသီးထွက်နေပြီးသား ကွမ်းခြံတစ်ဧက လက်ရှိပေါက်ဈေးမှာ အနည်းဆုံး ကျပ်သိန်း ၅၀ တွင် ရှိကြောင်း ပြောဆိုသည်။

ထားဝယ်-ထီးခီးလမ်းပိုင်း ကျောက်မဲတောင်ကျေးရွာရှိ စောဒါရွှေ ပျက်စီးသွားသော ကွမ်းခြံမှာ ၁၃ ဧကကျော်ရှိသည်။

လက်ရှိကာလပေါက်ဈေးအရဆိုပါက ကျပ်သိန်းခြောက်ရာကျော် ရရှိနိုင်သည့်အနေအထားတွင်ရှိနေသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကမူ မည်သည့်အတွက်ကြောင့် ကျပ် ၂၇၆ သိန်းသာ လျော်ကြေးပေးရန် အမိန့်ချမှတ်ခဲ့သည်ကိုမူ သေသေချချာ မသိရသေးပေ။