ပုလောတွင် အဖမ်းခံ ရွာသား ၃၀ကျော်ပြန်လွတ်ပြီး ၂၀ကျော် မလွတ်သေး၊ တိုက်ပွဲပြင်းထန်နေ

0
3773
ထွက်ပြေးနေရသည့်ဒေသခံများ (ပုံဟောင်း)

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ရွာသား ၃၀ကျော် ပြန်လွတ်လာပြီး ပိတပ်ကျေးရွာသား ၂၀ ကျော်မှာ လွတ်မြောက်လာခြင်း မရှိသေးကြာင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ၎င်းတို့က ပြောသည်။

နိုဝင်ဘာလ ၉ ရက်နေ့က နံနက်က စစ်ကောင်စီတပ်စစ်ကြောင်းထိုးရာတွင် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည့် ရွာသား ၃၀ ကျော်အား ညဦးပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံများက ဆိုသည်။

“ရွာကဘုန်းကြီးပဲ လိုက်ပြီးသွားခေါ်လာပေးတယ်။ အယောက် ၃၀ ကျော်လောက်ရှိတယ်” ဟု မင်းထိန်ကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြန်လွတ်လာသူများမှာ မင်းထိန်၊ ပဝတ်ဖျားနှင့် စစ်ကြောင်းထိုးရာ ကျေးရွာများမှ ဒေသခံများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ပိတပ်ကျေးရွာတွင်လည်း နိုဝင်ဘာလ ၄ ရက်က နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရွာသား ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

“ပိတပ်ဖက်က ဖမ်းသွားတာ ၂၀ ကျော်လောက်ရှိသေးတယ်။ ပြန်လွတ်လာသံ မကြားရသေးဘူး” ဟု ဒေသခံအမျိုးသားနောက်တစ်ဦးက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၁၀ ရက် နံနက် ၈နာရီဝန်းကျင်မှစတင်က ပုလောမြို့ ၂၈၅ တပ်နှင့် ပဝတ်ကုန်း စစ်ကောင်စီတပ် ဘက်က ကဒဲရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး PDF များဘက်လည်း ပြန်လည်ပစ်ခတ် လျှက်ရှိ ကြောင်း ဒေသခံများက ဆိုသည်။

“စစ်တပ်က ကဒဲရွာကို ဝင်ဖို့ကြိုးစားနေကြတယ်လို့ထင်တယ်” ဟု ကဒဲရွာမှ ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသားက ပြောသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ကဒဲ၊ မင်းထိန်၊ သင်္ကန်းတော စသည့်အနီးဝန်းကျင်ရှိ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ဒေသခံများ ကပြောသည်။