ပုလောတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးကျဆုံး

0
4060

မြိတ်ခရိုင်၊ ပုလောမြို့နယ်တိုက်ပွဲအတွင်း PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁) က ယနေ့ထုတ်ပြန်လိုက်သည်။

နိုဝင်ဘာ ၈ ရက်နေ့ နံက် ၄ နာရီဝန်းကျင်တွင် ကဒဲရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၁) မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့ ပထမအကြိမ် တိုက်ပွဲဖြစ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယင်းနေ့ နံက် ၇ နာရီဝန်းကျင်တွင်လည်း မြိတ်မှပုလောသို့လာသည့် စစ်ယာဥ်တန်းကို စက်တော်ရာရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့သလို ည ၁၁ နာရီဝန်းကျင်တွင်လည်း သင်္ကန်းတောရွာမှ ပုလောမြို့သို့ ဆက်လက်ထွက်ခွါလာသည့် စစ်ယာဉ်တန်းကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းဖြစ်စဥ်အတွင်း ရဲဘော် ပလ ကျဆုံးခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေး၊ မြိတ်ခရိုင်တပ်ရင်း(၁) ထံမှသိရသည်။

မြိတ်ခရိုင်တပ်ရင်း(၁)မှ တပ်သားရဲဘော် ပလ သည် နိုဝင်ဘာလ ၈ ရက်နေ့တွင် တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း အသက်ပေးဆပ်သွားသည့်အတွက် ကောင်းရာဘုံဘဝသို့ ရောက်နိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁)မှ အပြီးအပိုင်စွန့်လွှတ်လိုက်သည်ဟု ထုတ်ပြန်ထားသည်။

စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်ရင်း နိုင်ငံ့တာဝန်ကို စွမ်းစွမ်းတမံ ကျေပွန်စွါ ထမ်းဆောင်ခဲ့သည်ကို များစွါဂုဏ်ယူမှတ်တမ်းတင်ကြောင်း ရေးသားထားသည်။

ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ ကြေကွဲရကြောင်းလည်း မှတ်တမ်းတင်အပ်ပါသည် ဟုဖော်ပြထားသည်။