မွန်တွင် ကိုဗစ်ကူးစက်သေဆုံးမှုမြင့်တက်လာ

0
3017

မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှု များပြားလာပြီး သေဆုံးမှုလည်းရှိလာကြောင်း မြို့နယ်ကျန်းမာရေး တာဝန်ရှိသူ အချို့နှင့် ကိုဗစ်အရေးကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။

ပြည်နယ်အတွင်း၌ စက်တင်ဘာလမှစတင်ကာ ကိုဗစ်ကူးစက်မှု ပြန်လည်တွေ့ရှိလာပြီး အောက်တိုဘာလတွင် ကူးစက်မှု ပိုမိုများပြားလာကြောင်း ၎င်းတို့ထံမှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ စက်တင်ဘာလအတွင်း ကိုဗစ်ပိုးတွေ့လူနာ ၃၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ခြောက်ဦး ရှိကြောင်း မြို့နယ်ကျန်းမာရေးတာဝန်ရှိသူအချို့နှင့် ကိုဗစ်အရေးကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။

အောက်တိုဘာလတွင်မူ ၂၃ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့လူနာ ၉၂၁ ဦးရှိပြီး သေဆုံးမှုလည်း ၁၀ ဦးကျော်ရှိကြောင်း ၎င်းတို့က ပြောသည်။

ရောဂါကူးစက်ခံရသူ အများစုသည် ရောဂါအခံရှိသူနှင့် ကိုဗစ်ကာကွယ်ဆေး မထိုးထားသူများ၊ ကာကွယ်ဆေး အပြည့် မထိုးထားသူများဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးတာဝန်ရှိသူတို့ထံမှ သိရသည်။

“ကိုဗစ်ကူးစက်မှုက စက်တင်ဘာ၊ အောက်တိုဘာလအတွင်းမှာ ပြန်ပြီးတော့ များလာတယ်။ သေဆုံးမှုတွေလည်း ရှိလာတယ်။ အဓိကက ရောဂါအခံရှိသူတွေ၊ ကာကွယ်ဆေးမထိုးထားသူတွေ၊ ဒါပေမယ့် ကာကွယ် ဆေးထိုးထားတယ်ဆိုပြီးတော့လည်း ပေါ့ဆလို့မရဘူး” ဟု မြို့နယ်တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောသည်။

ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ ဆက်တိုက် ပြန်လည်တွေ့ရှိလာနေသည့်အတွက် မပေါ့ဆကြရန်နှင့် ကျန်းမာရေးအသိရှိကြရန်၊ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်နာနေထိုင်ကြရန်၊ ကာကွယ်ဆေးများ ထိုးနှံကြရန် ကျန်းမာရေးတာဝန်ရှိသူတို့က တိုက်တွန်းနှိုးဆော်ထားသည်။

ကိုဗစ်ကူးစက်မှု မြင့်တက်လာသော်လည်း ဒေသခံများမှာ ကိုဗစ်စည်းကမ်းများကို လိုက်နာမှု အားနည်းကြောင်း ဒေသခံတို့က ပြောသည်။

“ကိုဗစ်လူနာတွေ ပြန်တွေ့လာနေတယ်ဆိုပေမယ့် လူတွေက ပုံမှန်ပဲ သွားလာနေကြတယ်။ mask လည်း မတပ်ကြတော့ဘူး။ တချို့က ကာကွယ်ဆေးထိုးထားတာပဲဆိုပြီး ပေါ့ပေါ့ပဲနေနေကြတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ဆိုသည်။

ကိုဗစ်ကူးစက်သေဆုံးမှုများလာသဖြင့် မပေါ့ဆကြရန် လူမှုကူညီရေးအဖွဲ့များက တိုက်တွန်းသည်။

“ကိုဗစ်အခြေအနေက အခုဆို သေဆုံးတာတွေလည်း ရှိလာတယ်။ ပိုးတွေ့လူနာလည်း နေ့တိုင်းတွေ့နေတယ်။ ပေါ့ဆလို့မရဘူး။ ကာကွယ်ဆေးတွေ မဖြစ်မနေထိုးကြပါ” ဟု လူမှုကယ်ဆယ်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှု စံချိန်တင်မြင့်တက်ခဲ့သည့် ၂၀၂၁ ခုနှစ်က တစ်ရက်လျှင် ကိုဗစ် အတည်ပြုလူနာ ၅၀၀ ကျော်တွေ့ရှိခဲ့သည့်အပြင် သေဆုံးမှုလည်း တစ်ရက်လျှင် ၅၀ အထက်ရှိခဲ့သည်။