သထုံက နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ

0
2996

မွန်ပြည်နယ် သထုံမြို့နယ် ထောင်းမှူးကျေးရွာအုပ်စု ဈေးမသွယ်ကျေးရွာက နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဈေးမသွယ်ကျေးရွာက နယ်ထိန်းရဲ တပ်ကြပ် အောင်ဝင်းထွန်းဆိုသူသည် အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

နယ်ထိန်းရဲ အောင်ဝင်းထွန်းသည် ဈေးမသွယ်ကျေးရွာရှိ ဘီယာဆိုင်တစ်ဆိုင်တွင် ဘီယာသောက်နေစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် နယ်ထိန်းရဲ၏ ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ဒဏ်ရာရရှိပြီး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်း ၎င်းတို့က ဆိုသည်။

“နယ်ထိန်းရဲ အောင်ဝင်းထွန်းက ဘီယာဆိုင်မှာရှိနေတဲ့အချိန် ပစ်သတ်ခံရတာဖြစ်တယ်။ နေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

နယ်ထိန်းရဲတပ်ကြပ် အောင်ဝင်းထွန်းကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါနယ်ထိန်းရဲသည် လမ်းဘေးဓာတ်ဆီဆိုင်များတွင် ဓာတ်ဆီထည့်လျင် ပိုက်ဆံမပေးသည့်အပြင် ဆိုင်ရှင် များအား ခြိမ်းခြောက်ပြောဆိုနေသည့်အတွက် ယခုလိုရှင်းလင်းရခြင်းဖြစ်သည်ဟုလည်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းအပြင် ဈေးမသွယ်ကျေးရွာအုပ်ချုပ်ရေးမှူးလည်း တစ်ပတ်အတွင်း နုတ်ထွက်ရန် သထုံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတိပေးထုတ်ပြန်ထားသည်။