အောက်သရက်ချောင်းကျေးရွာတွင် နေအိမ်နှစ်ဆောင် မီးရှို့ခံရ

0
4046

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်းကျေးရွာရှိ နေအိမ်နှစ်ဆောင် မီးရှို့ခံခဲ့ရကြောင်း ဒေသခံအချို့က ပြောသည်။

အောက်တိုဘာ ၂၂ ရက် မနက် ၁၀ နာရီခန့်တွင် စစ်တပ်နှင့် ပဲဒက်ရွာပြည်သူ့စစ်အဖွဲ့များ အောက်သရက်ချောင်းကျေးရွာကို ဝင်ရောက်လာပြီး  ဦးဆန်းသိန်း ဆိုသူ၏ နေအိမ်ကို မီးရှို့ခဲ့ရာ ဘေးအိမ်ပါ မီးလောင်ခဲ့သည်ဟု အောက်သရက်ချောင်းကျေးရွာမှ ဒေသခံရွာသားတစ်ဦးက ပြောသည်။

ဒေသခံများမှာ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေကြရသဖြင့် မီး‌လောင်နေချိန်တွင် ရွာအတွင်းမရှိကြပေ။

“သူ့အိမ်မှာ လူမရှိဘူး၊ စစ်တပ်ဝင်လာချိန်မှာ တစ်ရွာလုံးရှောင်ကြတာပေါ့လေ ဟိုပြေးဒီပြေးပေါ့၊ ဖမ်းသွားတာက တစ်ယောက်ရှိတယ်” ဟု ဒေသခံရွာသားက ဆိုသည်။

စစ်တပ်နှင့်တွေ့ပြီး ဖမ်းဆီးထိန်းသိမ်းခံရသည့် ရွာသူ ရွာသား ၆ ဦးခန့်ကို စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးခဲ့သော်လည်း  ဆိုင်ကယ်မရပ်ဘဲ မောင်းပြေးသောကြောင့်ဆိုကာ အသက် ၁၉ နှစ်အရွယ် လူငယ်ကိုမူ ဆိုင်ကယ်ရော လူကိုပါ ဖမ်းဆီးသွားကြောင်း အထက်ပါ ရွာသားက ပြောသည်။

အောက်တိုဘာ ၂၀ ရက် ည ၉ နာရီခွဲခန့်တွင် မူလတန်းကျောင်းအုပ်ဆရာကြီး ကိုနောင်စိုးနှင့် ပန်းရံလုပ်နေသူ ကိုစိုးထိုက်ဆိုသည့် အမျိုးသားနှစ်ဦးကို အဖွဲ့တစ်ခုက နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ကိစ္စနှင့်စပ်လျဉ်းပြီး စစ်တပ်က ဝင်လာခြင်းဖြစ်သည်ဟု ဒေသခံရွာသားအချို့က ပြောဆိုသည်။

ကိုနောင်စိုးမှာ နေရာတွင် သေဆုံးခဲ့ပြီး ကိုစိုးထိုက်မှာ သေနတ်ဒဏ်ရာ ၄ ချက်ခန့်ရရှိထားသဖြင့် ထားဝယ်က ဆေးရုံတစ်ခုတွင် အရေးပေါ်ကုသမှုခံယူနေရသည့် အခြေအနေတွင်ရှိနေသည်။

အောက်တိုဘာ ၂၀ ရက်က ပစ်ခတ်သတ်ဖြတ်ခံရသည့် ကိုနောင်စိုးနှင့် ကိုစိုးထိုက်ကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းကြောင့် ပစ်ခတ်ရှင်းလင်းခဲ့သည်ကိုမူ ယနေ့အထိ ထုတ်ပြန်ထားခြင်းမရှိသေးပေ။