ကလေးငယ်များကို နှိပ်စက်မှုဖြင့် တိုင်တန်းခံရသည့် ကံပေါက်ဒေသခံသားအဖနှစ်ဦး အဖမ်းခံရ

0
4543

ကလေးသုံးဦးအား ရိုက်နှက်နှိပ်စက်သည်ဟုဆိုကာ ရေဖြူမြို့နယ် ကံပေါက်ဒေသအနီးရှိ ဂန့်ဂေါ်တောင်ကျေးရွာမှ ‌သားအဖနှစ်ဦးကို ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အသက် ၅ နှစ်မှ ၁၅ နှစ်အရွယ် ကလေးသုံးဦးကို ဂန့်ဂေါ်တောင်ကျေးရွာရှိ ‌ရော်ဘာခြံမန်နေဂျာဟုဆိုသူနှင့် သမီးတို့က မကြာခဏ ရိုက်နှက်နှိပ်စက်လေ့ရှိကြောင်း ဒေသခံအချို့က ဆိုသည်။

“ရိုက်တာကတော့ အမြဲတမ်းရိုက်တယ်။ ရွာထဲမှာနေတဲ့သူတွေက နေ့တိုင်းမြင်နေကျဆိုတော့ ရိုးသွားပြီးလို့ကို ပြောရ မယ်။ ဒီတစ်ခါရိုက်တာက ကလေးမလေး ခပ်ကြီးကြီးတစ်ယောက်ဆို မေ့လဲသွားတဲ့အထိပဲ” ဟု ဒေသခံရွာသား တစ်ဦးက ပြောသည်။

ရိုက်နှက်နှိပ်စက်ခံရသည့် ကလေးသုံးဦး၏ မိဘနှစ်ပါးမှာ အခြားတိုင်းနှင့် ပြည်နယ်တစ်ခုမှ ၎င်း‌ရော်ဘာခြံတွင် အလုပ်သမားများအဖြစ် လာရောက်လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ရော်ဘာရာသီမတိုင်မီ အသုံးစာရိတ်အတွက် ကြိုငွေထုတ်ထားရာမှ ပြန်မဆပ်နိုင်ဖြစ်ခဲ့ရကြောင်း ဒေသခံအချို့က ဆိုသည်။

ယင်းနောက် မိဘနှစ်ပါးစလုံး နေရပ်ပြန်သွားခဲ့သော်လည်း ကလေးသုံးဦးကိုမူ ရော်ဘာခြံမန်နေဂျာက ခေါ်ထားခဲ့ သဖြင့် ထားရစ်ခဲ့သည်မှာ တစ်နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ယင်းသို့ ထားခဲ့သည့် ကာလအတွင်း မိဘနှစ်ဦးက ပြန်လာလာရွေးသော်လည်း ပိုက်ဆံမပြည့်ဟုဆိုကာ မန်နေဂျာ ဆိုသူက မထည့်ပေးလိုက်ကြောင်း ဒေသခံအချို့က ဆိုသည်။

၎င်းကလေးသုံးဦးမှာ ရော်ဘာခြံမန်နေဂျာဟုဆိုသူနှင့် ၎င်း၏သမီးဖြစ်သူတို့က စေခိုင်းသည့်အလုပ်များ လုပ်ပေးနေခဲ့ရပြီး မကြာခဏလည်း အရိုက်ခံရလေ့ရှိကြောင်း ဒေသခံတို့က ပြောဆိုသည်။

အောက်တိုဘာလ ၂၀ ရက်ကလည်း ထပ်မံအရိုက်ခံခဲ့ရပြီး အကြီးဆုံး ကလေးမလေးမှာ အရိုက်ခံရသဖြင့် သတိလစ်မေ့မြောသည်အထိဖြစ်သွားခဲ့ရာ ထားဝယ်ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ဒေသခံအချို့က ဆိုသည်။

ထားဝယ်ဆေးရုံမှ ဆရာဝန်များက ရိုက်နှက်နှိပ်စက်ခဲ့သူများကို တရားစွဲရန်အကြံပေးချက်အရ ဒေသခံအချို့က အမှုဖွင့် တရားစွဲခဲ့သဖြင့် ရဲတပ်ဖွဲ့က အခင်းဖြစ်သည့်နေ့တွင်ပင် ရော်ဘာခြံမန်နေဂျာဟုဆိုသူ သားအဖနှစ်ဦးကို လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

အိမ်တွင်ကျန်ခဲ့သည့် ကလေးနှစ်ဦးကိုမူ ဘုန်းတော်ကြီးတစ်ပါးက ခေါ်ယူကျွေးမွေးထားကြောင်း ဒေသခံအချို့က ပြောဆိုသည်။

မည်သည့်ပုဒ်မဖြင့် မည်သည့်တရားရုံးတွင် တရားစွဲထားသည် စသည့် အမှုနောက်ဆက်တွဲအခြေကိုမူ မသိရသေးပေ။