သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ကျခတ္တာပင်အင်းရွာသား လေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

0
5653

ရေဖြူမြို့နယ် ကျခတ္တာပင်အင်းရွာတွင် အောက်တိုဘာလ ၂၂ ရက်နေ့ညက သေနတ်ပစ်ခံရမှုကြောင့် အမျိုးသားနှစ်ဦး နှင့်အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ပစ်ခတ်မှုကြောင့် ကျောင်းဆရာဦးဖိုးခိုင် နှင့် ဇနီး ဖြစ်သူ ကျောင်းဆရာမ ဒေါ်အေးမိုး‌ဆွေအပါအဝင် ဦးဝင်းသိန်း နှင့် ဇနီးဒေါ်အောင်းဆန်းမဲ တို့လေးဦးသေဆုံးခဲ့ကြပြီး ဦးဝင်းဦးဆိုသူမှာ ခြေထောက်ကျိုးသွားခဲ့သည်။

ယင်းနေ့ညသန်းခေါင် ၁ နာရီခန့်တွင် အမည်မသိလက်နက်ကိုင် လူတစ်စုက လာရောက်ပစ်ခတ် သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ကျွန်တော်တို့အိပ်မောကျနေတဲ့အချိန် ဖြစ်နေတော့ အသံတော့ မကြားလိုက်ဘူး မနက်ကျမှ သိရတာ”ဟု ၎င်းဒေသခံကပြောသည်။

‌အဆိုပါပစ်ခတ်မှုကို မည်သူတို့က မည်သည့်အကြောင်းကြောင့် ပြုလုပ်ခဲ့သည်ဆိုသည်ကို Dawei watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

သေဆုံးသူ ဆရာမ ဒေါ်အေးမိုးဆွေမှာ ကျခတ္တာပင်အင်းရွာ အလယ်တန်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီး တစ်ဦးဖြစ်ပြီး ယောက်ျားဖြစ်သူဦးဖိုးခိုင်မှာ ယခင်က ယင်းကျောင်းတွင် ကျောင်းဆရာတစ်ဦးဖြစ်သော်လည်း အလုပ်ထွက်ပြီး အခြားဌာနတစ်ခုတွင် အလုပ်ဝင်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

ယင်းနောက် ဒဏ်ရာရရှိသူဦးဝင်းဦးမှာ ခြေထောင်နှစ်ချောင်းပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏သမီးကြီးဖြစ်သော ကျောင်းဆရာမတစ်ဦးဖြစ်သူ မငြိမ်းအိဆွေကို လက်နက်ကိုင်လူတစ်စုက ရိုက်နှက်ခဲ့ပြီးနောက် ထပ်မံ၍ သမီးငယ်ကျောင်းဆရာမ ဖြစ်သူ မခင်အိဆွေကို ကြိုးတုတ်ထားခဲ့သည်ဟု အခြားဒေသခံတစ်ဦးကပြောသည်။

“နင်တို့လုပ်တာ နင်တို့သိတယ်”ဟု ပြောဆိုခဲ့ကြောင်းလည်း ကာယကံရှင်များ၏ ပြောဆိုချက်အရ အခြားဒေသခံတစ်ဦးကပြောသည်။

ယခုနှစ်ဇွန်လ ၇ ရက်နေ့ကလည်း ယင်းကျေးရွာ အလယ်တန်းကျောင်းခွဲတွင် ဗုံး တွေ့ရှိသည်ဟု စစ်ကောင်စီတပ်ဖွဲ့ထံ ဆရာတစ်ဦးက အကြောင်းကြားသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားသုံးစီးဖြင့်ရောက်ရှိလာပြီး အဆိုပါဗုံးအား ဖောက်ခွဲရှင်းလင်း ရသေးသည်။

ယင်းနောက် အဆိုပါအလယ်တန်းကျောင်းခွဲအား ယနေ့အထိ ကျောင်းပိတ်ထားသည်ဟု ဒေသခံများကဆိုသည်။

သေဆုံးသူများ၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းက ရေဖြူမြို့ပေါ် ပရဟိတ အသင်းတစ်သင်း၏ အရေးပေါ်ကားဖြင့် လာရောက်သယ်ဆောင်သွားကြောင်း ဒေသခံများထံမှသိရသည်။