ကျိုက်ထီးရိုးတွင် ပစ်ခတ်မှုဖြစ်ပြီး ဘုရားဖူး သုံးဦးသေ၊ ၁၃ဦး ဒဏ်ရာရ

0
3287

မွန်ပြည်နယ် ကျိုက်ထီးရိုးတောင်တက်ဂိတ်အနီးတွင် ယနေ့ အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ဘုရာဖူး သုံးဦးသေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ ကျိုက်ထီးရိုးတောင်တက်ကားဂိတ်အနီးတွင် ယနေ့ နံနက် ၁၁ နာရီ ဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကို အမည်မသိသေနတ်သမားတို့က လာရောက်ပစ်ခတ်ကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းနောက် စစ်ကောင်စီတပ်နှင့် သေနတ်သမားတို့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း ဘုရားဖူး အမျိုးသမီး သုံးဦးသေဆုံးပြီး ဘုရားဖူးပြည်သူ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ရဲတပ်ဖွဲ့ဝင်လည်း ထိခိုက်ဒဏ်ရာရရှိမှုရှိ ကြောင်း ဒေသခံအချို့က ပြောသည်။  

“တောင်တက်ကားဂိတ်နေရာမှာ ပစ်ခတ်မှုဖြစ်ပွားကြတော့ ဘုရားဖူးတွေ ထိသွားတာ။ ဘုရားဖူး အမျိုးသမီး ၃ ဦးက သေသွားတယ်။ ဒဏ်ရာရတာက ၁၃ ဦး။ ရဲတွေလည်း ဒဏ်ရာရတာရှိတယ်” ဟု ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာအနီးရှိ ဒေသခံတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရသူများကို လူမှုကူညီကယ်ဆယ်ရေးအသင်းတို့က ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ကျိုက်ထီးရိုးတောင်တက်ကားဂိတ်အနီးပစ်ခတ်မှုဖြစ်စဉ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့နှင့် ဖြစ်ပွားခဲ့သည်ဟု ဒေသခံတို့အကြား ပြောဆိုနေသော်လည်း အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့ကမျှ ထုတ်ပြန်ထားခြင်း မရှိသေးပါ။

သီတင်းကျွတ်ကာလသည် ကျိုက်ထီးရိုးတောင် စတင်ဖွင့်လှစ်ကာလဖြစ်သည်အတွက် ဘုရားဖူးလာရောက်မှု များပြားနေကြောင်း ဒေသခံတို့ထံမှ သိရသည်။