သရက်နှစ်ခွကျေးရွာဘက် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၊ နေအိမ်တစ်လုံး ကျည်ထိမှန်

0
4537

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာဘက်သို့ အောက်တိုဘာလ ၁၁ ရက် ည ၈ နာရီခန့်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် နေအိမ်တစ်လုံးကျည်ထိမှန်ကြောင်း ဒေသခံအချို့က ပြောသည်။

မြိတ်-ထားဝယ်ကားလမ်းဘေးတွင် တည်ရှိသည့် သရက်နှစ်ခွရွာထိပ်ရှိ ဥတ္တူတံတားတွင် စခန်းချထားသည့် စစ်ကောင်စီတပ်ဂိတ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ဆက်တိုက်ပစ်ခတ်သံ ကြားရကြောင်း ဒေသခံရွာသားအချို့က ဆိုသည်။

“လက်နက်ကြီးသံတွေ နည်းတာမဟုတ်ဘူး ကြားရတာ။ သေနတ်တွေလည်းပစ်နေတာ မနည်းဘူး။ ဘယ်နှစ်ချက်လဲဆိုကို ရေလို့တောင် မနိုင်တော့ဘူး။ မ— ရဲ့ အိမ်မှာတောင် သေနတ်ကျည်ထိလို့ မှန်ကွဲသွားတယ်” ဟု ရွာသူတစ်ဦး ပြောဆိုသည်။

ယခင်က ညဘက်တွင် လက်နက်ကြီး တလုံးစ နှစ်လုံးစ ပစ်ခတ်သည်သာရှိသည်ဟု ဒေသခံအချို့က ပြောသည်။

အောက်တိုဘာလ ၁၁ ညတွင် ည ၈ နာရီမှ ည ၉ နာရီခွဲထိ ပစ်ခတ်သံများကြားရပြီး ယနေ့ အောက်တိုဘာလ ၁၂ နံနက် ၁၀ နာရီခန့်တွင်လည်း လက်နက်ကြီး ၂ လုံးခန့် ပစ်ခတ်သံကြားရသေးသည်ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

အောက်တိုဘာလ ၁၁ ရက်က ဥတ္တူတံတားရှိ စစ်ကောင်စီတပ်စခန်းဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သည်ဟု လူမှုကွန်ရက်ပေါ်တွင် ရေးသားထားသည်ကိုတွေ့ရသော်လည်း ဒေသခံရွာသားများ အနေဖြင့် အတိအကျမသိဟု သရက်နှစ်ခွကျေးရွာမှ ဒေသခံရွာသားတစ်ဦးက ပြောသည်။

“ပစ်သံတော့ ဟီးဟီးထနေတာပဲ။ ရွာကလူတွေတော့ အတိအကျ မသိကြဘူး။ အားလုံးက ဝေဝေဝါးဝါး ဖြစ်နေကြ တယ်။ လက်နက်ကြီးပစ်တာကတော့ များများကြီး။ ကျွန်တော်တို့ ရှေ့ဘက်ခြမ်းက တောတွေဘက်ကို ပစ်သလို အသံကြားတယ်” ဟု အထက်ပါရွာသားက ဆိုသည်။

စစ်ကောင်စီတပ်ဂိတ်စခန်းကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့တစ်ခုက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စုစုပေါင်း ဒရုန်းဖြင့် လက်နက်ကြီး ၈ လုံးတိတိ ပစ်ချကာ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

သို့သော်လည်း ဒေသအတွင်းလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။