ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ အကျဉ်ချုံးကျင်းပမည်

0
4495

ဒေသတွင်း ထင်ရှားစည်ကားသည့် ဘာသာရေးပွဲတော်တစ်ခုဖြစ်သော ထားဝယ်မြို့တန်‌‌ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို မြို့တွင်းလှည့်လှည်ပူဇော်မခံတော့ဘဲ ဘုရားကြီးဝင်းအတွင်းမှာပင် အကျဉ်းချုံး ကျင်းပမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

၁၁၁ ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်မှစပြီး ရပ်နားထားခဲ့သည်မှာ ၂ နှစ်ဆက်တိုက် ရှိနေပြီဖြစ်သည်။

ယခုနှစ်တွင်မူ ကိုဗစ်ရောဂါ အထိုက်အလျောက် ကျဆင်းလာသောကြောင့် အစဉ်အလာကို ထိန်သိမ်းသည့်အနေဖြင့် ၁၁၁ ကြိမ်မြောက် တန်ဆောင်တိုင်ဘုရားပွဲကို ကျင်းပခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သို့သော် ပွဲတော်များ၊ အခမ်းအနားများ၊ မြို့တွင်းလှည့်လှည် ပူဇော်ခံခြင်းတို့ပြုလုပ်မည်မဟုတ်ဘဲ ဘုရားကြီးဝင်းအတွင်းမှာပင် ‌ကျင်းပမည်ဟု ဆိုသည်။

“ဘာအခမ်းအနားမှလည်း မလုပ်ဘူး။ ဘာပွဲတော်မှလည်း မလုပ်ဘူး။ ဘုရားတွေကို မူလစံပယ်ရာ ဂန္ဓကုဓိတိုက် ကနေပြီး ဓမ္မာရုံထဲပင့်ပြီး ဆွမ်းတော်တင်၊ ရှိခိုးလို့ ရအောင်လုပ်တဲ့သဘော၊ အဲဒီလောက်ပါပဲ” ဟု ၎င်းက ပြောဆိုသည်။

နှစ်ကျိပ်ရှစ်ဆူဘုရားပွဲမှာ ပုံမှန်အားဖြင့် ဘုရားလှည့်ပွဲမတိုင်မီ ဘုရားကြီးဝင်းအတွင်းရှိ လှည့်လှည်ပူဇာ်ခံမည့် ဘုရားများကို ပင့်ဆောင်ကာ ရပ်ကွက်များအတွင်း ရက်ပိုင်းမျှအပူဇော်ခံထားရှိသည်။

ထို့နောက် ဘုရားလှည့်ပွဲကျင်းပမည့်နေ့ ရောက်ခါနီးတွင် စုရပ်ဖြစ်သည့် ဘုရားကြီးဝင်းသို့ ‌ဖျော်ဖြေရေး အစီအစဉ် များဖြင့် ပို့ဆောင်ကြသည်။

ဘုရားကြီးဝင်းအတွင်း ရက်ပိုင်းမျှ ထပ်မံပူဇော်ခံပြီးနောက် တန်ဆောင်မုန်းလဆန်း ၁၄ ရက်ညတွင် ညလုံးပေါက် မြို့တွင်း ဒေသစာရီလှည့်လည်ပူဇော်ခံလေ့ရှိသည်။

ယခုနှစ်တွင်မူ ရှေ့နှစ်ပေါင်းတစ်ရာကျော်က ကျင်းပခဲ့သည့် ဘုရာလှည့်ပွဲပုံစံအတိုင်း ထိုင်တော်မူရုပ်ပွားတော်များကို လူပုဂ္ဂိုလ်များက ပင့်ဆောင်ပြီး ဘုရာကြီးဝင်းအတွင်းရှိ ရွှေတောင်စားစေတီတော်အား လှည့်ပတ်ပူဇော်ခံမည်ဖြစ်သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်တုန်းကဆိုရင် ဥပါသကာတွေက သစ်သား ထိုင်တော်မူဘုရားတွေကို ပိုက်ပြီး လှည့်လှည်ကြတာပေါ့။ အခုလည်း (ရွှေတောင်စား) စေတီတော်ကြီးကို ဆင်းတုတော်တွေပိုက်ပြီး တစ်ပတ်ပတ်ပြီး ပူဇော်ခံမှာပါ” ဟု ဂေါပကအဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နိုဝင်ဘာလ ၅ ရက်မှစပြီး ဘုရားကြီးဝင်းအတွင်း ပူဇော်ခံမည်ဖြစ်သည်။ ၆ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်တွင် ရွှေတောင်စားစေတီတော်အား လှည့်ပတ်ပူဇော်မည်ဖြစ်ပြီး နောက်တစ်နေ့ နိုဝင်ဘာလ ၇ ရက် (တန်ဆောင်မုန်းလပြည့်နေ့) အထိ ဆက်လက်ပူဇော်ခံထားရှိမည်ဖြစ်‌သည်။

“အခုလိုမျိုး ဘုရားကြီးထဲမှာပဲ ကျင်းပတာလည်း ခပ်ကောင်းကောင်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေး အခြေအနေ ကလည်း ရှိသေးတယ်။ ပြီးတော့ နောက်တစ်ခုက ဘုရားပွဲနဲ့မဆိုင်တဲ့ဟာတွေ သရုပ်ပျက်တာတွေ ပါလာတယ်။ နောက်ပိုင်းမှာလေ။ ကခုန်ရင်းနဲ့ ရန်ပွဲတွေတောင်ဖြစ်လာတာဆိုတော့လေ” ဟု ထားဝယ်မြို့ခံ မမေဦးက ဆိုသည်။

ယခုနှစ်တွင်အကျဉ်းချုံးကျင်းပမည့် ၁၁၁ ကြိမ်မြောက် တန်ဆောင်တိုင်နှစ်ကျိတ်ဆူဘုရားပွဲနှင့် ဘုရားပွဲ ကျင်းပမည့် ဝင်းအတွင်းရှိ ရွှေတောင်စားစေတီတည်ထားကိုးကွယ်သည့် နှစ်ပေါင်း ၂၆၀ ပြည့်နှင့်လည်း တိုက်ဆိုင်နေသည်။

နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိလာသည့် ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်က ယူနက်စကို (ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့) သို့ တင်ပြပြီး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရန် ကြိုးပမ်းခဲ့ဖူးသည်။

ယင်းမှတစ်ဆင့် ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်လည်း ရည်မှန်းချက်ရှိခဲ့သည်။