ပုလော ထမင်းမစားရွာ ပျူစောထီးအဖွဲ့ဝင်ဆိုသူ အသတ်ခံရ

0
3949

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ထမင်းမစားရွာတွင် ပျူစောထီးအဖွဲ့ဝင်ဟုဆိုသည့် အမျိုးသားတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

ပျူစောထီးအဖွဲ့ဝင် အာတော့ဆိုသူကို အောက်တိုဘာလ ၂ ရက် ည ၆ နာရီဝန်းကျင်တွင် ထမင်းမစားရွာအနီး ကားလမ်းမတွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယင်းဒေသတွင်လှုပ်ရှားနေသည့် ကရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ K-PDF က ထုတ်ပြန်သည်။

၎င်းသည် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားပါရှိသည်။

ယခုရက်ပိုင်းတွင် အာတော့အပြင် ယင်းရွာက ပျူစောထီးခေါင်းဆောင် တမိုဆိုသူလည်း သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“(ပျူစောထီး) ခေါင်းဆောင်ကတော့ တိုက်ပွဲဖြစ်ပြီးသေတာ။ နောက်တစ်ယောက်ကတော့ လာပစ်သတ်သွားတာ” ဟု ၎င်းက ပြောဆိုသည်။

ထမင်းမစားကျေးရွာအနီးတွင် စက်တင်ဘာလ ၃၀ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ အင်အား ၂၀ ခန့် လိုက်ပါလာသည့် စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း K-PDF က ထုတ်ပြန်ထားသည်။

K-PDF နှင့် ဗိုလ်ခေါင်းဖြူအဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက် ၁၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်ခဲ့ရာ ပျူစောထီးခေါင်းဆောင် တမို သေဆုံးပြီး စစ်ကောင်စီတပ်သား ခုနစ်ဦးလည်း ဒဏ်ရာ အပြင်းအထန် ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စက်တင်ဘာလ ၂၃ ရက်ကလည်း ထမင်းမစားရွာ ပျူစောထီးတပ်ဖွဲ့ကို ပုလော မဟာမိတ်တပ်တို့က လာရောက် တိုက်ခိုက်ခဲ့ပြီးနောက် ပျူစောထီးများက ယင်းကျေးရွာရှိ နေအိမ်နှစ်လုံးကို မီးရှို့ခဲ့ကြောင်း ရွာသားများထံမှ သိရသည်။

စက်တင်ဘာလ ၃၀ ရက် တိုက်ပွဲအတွင်း အရပ်သားတစ်ဦး၏ ခြေတွင် ကျည်ထိမှန် ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ထမင်းမစားကျေးရွာသည် ပုလော-ထားဝယ် ပြည်ထောင်စုလမ်းပေါ်တွင်ရှိပြီး ပျူစောထီးအားကောင်းသည့် ရွာဖြစ် ကြောင်း ဒေသခံများထံမှ သိရသည်။