မြန်မာသို့ လူကုန်ကူးခံရသည့် အိန္ဒိယအိုင်တီပညာရှင် ၅၀၀ကျော် ဖမ်းဆီးပိတ်လှောင်ခံထားရ

0
3759

အိန္ဒိယနိုင်ငံသား နည်းပညာကျွမ်းကျင်ပညာရှင် ၅၀၀ ကျော်အထိ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ဖမ်းဆီးပိတ်လှောင် ခံထားရဆဲဖြစ်ပြီး နေ့ရောညပါ အလုပ်လုပ်ရန် စေခိုင်းခံနေရဆဲဖြစ်ကြောင်း အိန္ဒိယသတင်းဌာန GoaChronicle တွင် အောက်တိုဘာလ ၂ ရက်နေ့က ရေးသားဖော်ပြသည်။

၎င်းတို့ကို စေခိုင်းသော သတ်မှတ်ပမာဏအထိပြီးပြတ်အောင် မလုပ်ပေးနိုင်ပါက ညှင်းပန်းနှိပ်စက်ခံနေရကြောင်း ဖော်ပြသည်။

အိန္ဒိယအစိုးရအနေဖြင့် ပိတ်လှောင်ခံထားရသော နိုင်ငံသားများကို နည်းအမျိုးမျိုးသုံးကာ ကယ်တင်ရန် ကြိုးစားခဲ့ပြီး ၃၂ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း အစိုးရပြောကြားချက်ကို ကိုးကား ရေးသားထားသည်။

အိန္ဒိယ IT ပညာရှင်များကို ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရမည်ဟု လစာမက်လုံးပေးကာ အွန်လိုင်းအေဂျင်စီအချို့က ဆိုရှယ်လ်မီဒီယာမှတစ်ဆင့် လိမ်လည်အလုပ်ခေါ်ပြီးနောက် မြန်မာနိုင်ငံသို့ လူကုန်ကူးခဲ့ခြင်းဖြစ်နေသည်။

ထိုင်းတွင် IT နှင့်ပက်သက်သော အလုပ်လုပ်ကိုင်ရမည်ဟု ကတိပေးခေါ်ဆောင်လာခဲ့ပြီး မဲဆောက်မှ မြဝတီသို့ တရားမဝင်လမ်းကြောင်းမှတဆင့် ခေါ်ယူခံခဲ့ရကြောင်း ပိတ်လှောင်ခံထားရသော မွန်ဘိုင်းဒေသခံတစ်ဦးက မွန်ဘိုင်းရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

ထို့ကြောင့် အိန္ဒိယအခြေစိုက် Mid-Day သတင်းဌာနက ထိုင်းဘက်ခြမ်းရှိ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ငါးခုသို့ အလုပ်သမားဟန်ဆောင်ကာ အလုပ်လုပ်လိုကြောင်း Whatsapp မှ တစ်ဆင့်လျှောက်ထား စုံစမ်းခဲ့သည်ဟု ဆိုသည်။

အေဂျင်စီ ၃ ခုက ချက်ချင်းအကြောင်းပြန်ခဲ့ကာ ၎င်းတို့၏ ဆိုရှယ်လ်ပလက်ဖောင်းများကို လူသုံးများလာပြီး ငွေဖြည့် လာစေရန် ဆွဲဆောင်ပေးရမည်ဖြစ်ပြီး ယင်းအတွက် လစာ ဒေါ်လာ ၉၀၀ အထက်ပေးမည့်အပြင် ကော်မရှင်ခ၊ ထိုင်းသို့လာသော ခရီးစရိတ်၊ နေထိုင်စားသောက်စရိတ်၊ နှစ်စဉ်ဆုကြေး ပေးမည်ဟု မက်လုံးပေးကာ ကမ်းလှမ်းခဲ့ကြောင်း ယင်းသတင်းဌာနက ရေးသားထားသည်။

ယင်းသို့ မက်လုံးပေးခံရမှုကြောင့် IT ပညာရှင်များသည် လူကုန်ကူးခံခဲ့ရပြီး crypto-currency ကဲ့သို့သော ဆိုင်ဘာ ငွေကြေးလုပ်ငန်းများနှင့် ဒစ်ဂျစ်တယ်ငွေကြေးလိမ်လည်မှု စသော လုပ်ငန်းများတွင် ပါဝင်စေရန် ဖိအားပေး ခိုင်းစေခံနေရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံအတွင်းမှ ဒစ်ဂျစ်တယ်ငွေကြေးလိမ်လည်မှုများသည် ဖမ်းဆီးထားသော ပညာရှင်များ၏ နည်းပညာ အကူအညီဖြင့် ကမ္ဘာတစ်ဝန်းရှိ လူများအပေါ်တွင် လိမ်လည်မှုများရှိနေခဲ့ကြောင်း သတင်းတွင် ရေးသားသည်။

ဆိုင်ဘာရာဇဝတ်မှုများကို ကျူးလွန်စေရန်အတွက် အတင်းအကျပ်ခိုင်းစေခံနေရပြီး တစ်နေ့လျှင် အနည်းဆုံး ၁၆ နာရီ၊ ၁၇ နာရီအထိ အလုပ်လုပ်ခဲ့ကြရကြောင်း Mid-Day သတင်းဌာနက ဖော်ပြသည်။

ပြီးခဲ့သောလတွင် မွန်ဘိုင်းဒေသအပါအဝင် တမီးနဒူဒေသနှင့် မဟာရှရှ်တရာ အပါအဝင် ဒေသအများစုမှ အိန္ဒိယနိုင်ငံသား ၃၀၀ ကျော် မြန်မာနိုင်ငံ မြဝတီမြို့အနီး ရွှေကုက္ကိုလ်မြို့သစ်တွင် ဆိုင်ဘာရာဇဝတ်မှုများ ကျူးလွန်ရန် ဖမ်းဆီးခံခဲ့ရကြောင်း Time of India သတင်းဌာနက အတိအကျရေးသားထားသည်။

ရွှေကုက္ကိုလ်မြို့သစ်တွင် ဆိုင်ဘာရာဇဝတ်မှုအပြင် တရားမဝင်လုပ်ငန်းများကို တရုတ်စီးပွားရေးလုပ်ငန်းရှင်များက လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်နေပြီး အာရှလူငယ်များကို လစာမက်လုံးပေးကာ လိမ်ညာ ခေါ်ယူခိုင်းစေနေသော နေရာဖြစ်ကြောင်း အိန္ဒိယသတင်းဌာနများက ရေးသားထားသည်။

အိန္ဒိယအစိုးရအနေဖြင့် ၎င်းတို့၏နိုင်ငံသားများ ပိတ်လှောင်ခံထားရသည့်ကိစ္စနှင့်ပက်သက်၍ မြန်မာအစိုးရထံမှ သတင်းအချက်အလက်များရရှိရန် ကြိုးစားလျက်ရှိနေသော်လည်း လက်ရှိတွင် အချက်အလက်များမှာ ပြင်ပသူများ ထံမှသာ ရရှိနေသေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Arindam Bagchi က ပြောကြားသည်။

လူကုန်ကူးခံရပြီး ပိတ်လှောင်ခံရသူများ ပြန်လွတ်ရန်အတွက်လည်း crypto-currency ကဲ့သို့သော ဆိုင်ဘာငွေကြေး လုပ်ငန်းများအထဲမှ ငွေကြေးအမြောက်အများရှာဖွေပေးခဲ့ရန် ခြိမ်းခြောက်ငွေညှစ်ခံနေရကြောင်း ၎င်းက ဆိုသည်။

ပြန်လည်လွတ်မြောက်လာသူများ၏ ပြောကြားချက်အရ ၎င်းတို့ကို အိန္ဒိယအခြေစိုက်သာမက ဘန်ကောက်နှင့် ဒူဘိုင်းအခြေစိုက် အလုပ်အကိုင်အေဂျင်စီများက လစာအမြောက်အများဖြင့် ထိုင်းနိုင်ငံသို့ ကမ်းလှမ်းခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း သတင်းများတွင် ရေးသားထားသည်။

ထိုင်းလေဆိပ်သို့ ရောက်ရှိသောအခါတွင် မြန်မာနိုင်ငံရှိ နေရာအတိအကျမသိရသော နေရာသို့ ခေါ်ယူခံခဲ့ရပြီး ပါလာသော နိုင်ငံကူးလက်မှတ်နှင့် အရေးကြီးစာရွက်စာတမ်းများမှာလည်း လုယူသိမ်းဆည်းခံခဲ့ရသည်ဟု ဖော်ပြသည်။