ပုလောမြို့အနီးရှိ ကဒဲ၊ခမောင်းတောရွာ ဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေ

0
4998

မြိတ်ခရိုင်၊ပုလောမြို့အနီးရှိ ကဒဲရွာနှင့်ခမောင်းတောရွာ အနီးဝန်းကျင်တွင် စစ်ကောင်စီနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများ ထံမှသိရသည်။

ယနေ့ (အောက်တိုဘာ ၃) မွန်းတည့်အချိန်မှစတင်ကာ နှစ်ဖက်တိုက်ပွဲများ ဖြစ်နေပြီး လက်ရှိအချိန် (ည ၆ နာရီ) မိုးချုပ်သည်အထိ တိုက်ပွဲပြင်းထန် နေဆဲဖြစ်ကြောင်း ဒေသခံများ ကပြောသည်။

“လက်နက်ကြီး လက်နက်ငယ် စက်လတ်တွေနဲ့လည်း ပစ်နေကြတယ်။ ခုထိချနေတုန်းပဲ ပွဲကတစ်အားကြမ်းနေတုန်းပဲ မိုးကလည်းစရွာနေပြီ”ဟု မင်းထိန်ရွာဒေသခံအမျိုးသား ကပြောသည်။

မင်းထိန်ရွာသည် ယခုတိုက်ပွဲဖြစ်နေသည့် အနီးဝန်းကျင်တွင်ရှိပြီး လက်နက်ကြီးကျည်အချို့  ရွာအပြင်တွင် လာကျနေသည်ဟု ၎င်းကပြောသည်။

နှစ်ဖက်တိုက်ပွဲ စဖြစ်ချိန် ပဝတ်ကုန်းတပ်မှ လက်နက်ကြီးပစ်ကူပေးခဲ့ပြီး ရပ်နားသွားကာ  ညနေပိုင်းတွင် ပုလော ၂၈၅ တပ်ရင်းမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးနေသည်ဟု ဒေသခံများ ကပြောသည်။

“ပုလောဘက်ကပစ်တဲ့ လက်နက်ကြီးအချက်က ရေထားလို့တောင် မနိုင်တော့ဘူး” ဟုဒေသခံ နောက်တစ်ဦးကပြောသည်။

တိုက်ပွဲဖြစ်နေသည့် အနီးရှိ ပဝတ်ကုန်းရွာတွင် စစ်ကောင်စီက တပ်စွဲထားပြီးရွာသားများ ပြောင်းရွှေ့သွားသည်မှာ လအတန်ကြာပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ကဒဲ၊ပဝတ်ကုန်း၊ခမောင်းတော ဒီရွာတွေမှာ လူမရှိတာကြာပြီ အကုန်ပြေးနေရတာ”ဟု ဒေသခံကပြောသည်။

တိုက်ပွဲအတွင်း အထိအခိုက် အကျအဆုံးကိုမူ မသိရသေးပေ။