တိုက်ပွဲကြောင့် တနင်္သာရီမြို့နယ် ကျေးရွာလေးရွာက ပြည်သူများထွက်ပြေးနေရ

0
4055

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စုအတွင်း ဖြစ်ပေါ်နေသည့်တိုက်ပွဲကြောင့် အနည်းဆုံး ကျေးရွာလေးရွာက ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

ဘန်လောကျေးရွာအုပ်စုအတွင်း စက်တင်ဘာလ ၂၈ ရက်မှစတင်ကာ တိုက်ပွဲဖြစ်ခဲ့ပြီး ယနေ့ အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲတွင်လည်း တိုက်ပွဲထပ်မံဖြစ်လျှက်ရှိကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် ဗောဓိကမ်း၊ ဘန်လော၊ ခြောက်မိုင်၊ ထုံတွန် စသည့် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးနေရကြောင်း ၎င်းတို့က ဆိုသည်။

“လက်နက်ကြီးတွေနဲ့ပစ်တော့ လူတွေက မနေရဲကြတော့ဘူး။ အကုန်ထွက်ပြေးနေကြပြီ” ဟု ဒေသခံအမျိုးသား ကပြောသည်။

ဒေသခံများမှာ တိုက်ပွဲစတင်ဖြစ်ပွားသည့် စက်တင်ဘာလ ၂၈ ရက်နေ့မှ စတင်ကာ ထွက်ပြေးကြခြင်းဖြစ်ပြီး ယနေ့လည်း တိုက်ပွဲဖြစ်သဖြင့် ထွက်ပြေး တိမ်းရှောင်သူများ ရှိနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဗောဓိကမ်းရွာနေ ပြည်သူများမှာ တနင်္သာရီမြို့ဖက်သို့ ပြေးကြပြီး ဘန်လောဖက်မှ ပြည်သူများသည် အနီးဝန်းကျင်ရှိ သမီးလှ၊ ရေပေါ်၊ ဝမ်းနာ၊ ညောင်ပင်ကွင်း စသည့်ရွာများဖက်သို့ ထွက်ပြေးနေရသည်ဟု ၎င်းကပြောသည်။

“နီးစပ်ရာနီးစပ်ရာ နေရာစုံပဲ။ ညောင်ပင်ကွင်းဖက်ပြေးတဲ့လူလည်း ရှိတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်များမှာ ညောင်ပင်ကွင်းကျေးရွာသို့လည်း ကျရောက်မှု ရှိနေကြောင်း ဒေသခံ အမျိုးသား နောက်တစ်ဦးက ဆိုသည်။

ဘန်လောကျေးရွာအုပ်စုဖက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ် တပ်တို့ စက်တင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၅ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဘက်မလိုက်ပြောက်ကျား) က ထုတ်ပြန်ထား သည်။

ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ကမူ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းလည်း ရေးသားထားသည်။