တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
3847

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

စက်တင်ဘာလ ၂၅ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိ

မြန်မာပြည်သူများအရေး မမေ့ကြရန် ပုပ်ရဟန်းမင်းကြီးပြော

အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခများ၊ အကြမ်းဖက်မှုများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု၊ နေရပ်စွန့်ခွာထွက်ပြေးရမှုများ ဆက်လက်ဖြစ်ပွားနေသည့် မြန်မာပြည်သူများအရေးကို ကမ္ဘာကြီးက မေ့မထားကြရန် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် တိုက်တွန်းလိုက်သည်။

အီတလီနိုင်ငံတောင်ပိုင်း Matera မြို့တွင် စက်တင်ဘာလ ၂၅ ရက် တနင်္ဂနွေနေ့က ကျင်းပသည့် ဆုတောင်းပွဲအပြီး မိန့်ခွန်းပြောရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဝမ်းနည်းပူဆွေးရသည့် ဖြစ်ရပ်များ ထပ်မံမဖြစ်ပွားရန်လည်း ဆုတောင်းပေးခဲ့သည်။

ယခုသီတင်းပတ်တွင် စာသင်ကျောင်း ဗုံးကြဲခံရသဖြင့် ကလေးငယ်များ သေကြေမှုအတွက် ဝမ်းနည်းပူဆွေးသံများ ကြားရပြီး ယင်းငိုကြွေးသံများကို မမေ့ကြရန် ပြောဆိုပြီး ယင်းသို့ ဖြစ်ရပ်မျိုး ထပ်မဖြစ်ပါစေနှင့်ဟုလည်း ပြောဆိုခဲ့ သည်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းတွင်ဖွင့်ထားသည့် စာသင်ကျောင်းကို စက်တင်ဘာလ ၁၆ရက် နံနက်တွင် စစ်ကောင်စီက လေကြောင်းပစ်ခတ်သဖြင့် ကလေးငယ်များအပါအဝင် ၁၃ ဦး သေဆုံးခဲ့သည်။

………………………………..

ပြည်နယ်ရရန် ကြာဦးမည့် “ဝ” ၊ ဗမာပြည်နယ် ဖွဲ့စည်းရန်ပြောသည့် SSPP

တိုင်းရင်းသား လက်နက်ကိုင်များတွင် အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်သည့် “ဝ” ပြည်သွေးစည်း ညီညွတ် ရေးပါတီ (UWSP) က “ဝ” ပြည်နယ်တောင်းဆိုမှုကို စစ်ကောင်စီက မူအားဖြင့်သဘောတူလိုက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဗမာပြည်နယ် ဖွဲ့စည်းရန် တိုက်တွန်းလိုက်သည်။

UWSP ၊ SSPP၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) တို့သည် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် စက်တင်ဘာလ ၂၆ ရက်က တွေ့ဆုံကာ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြသည်။

ယင်းသို့ တွေ့ရာတွင် စစ်ကောင်စီဥက္ကဋ္ဌက “ဝ” ပြည်နယ် သတ်မှတ်ရန် မူအားဖြင့် သဘောတူခဲ့ပြီး မိုင်းလားကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ရန် သဘောတူခဲ့သည်။

“ဝ” ပြည်နယ် သတ်မှတ်ရန် လွှတ်တော်လမ်းကြောင်းမှတစ်ဆင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမည်ဖြစ်ပြီး လက်ရှိတွင် မပြင်နိုင်သေးသော်လည်း လွှတ်တော်ပေါ်လာသည့်အခါ ထောက်ခံပေးမည်ဟု စစ်ကောင်စီဘက် ပြော သည်။ တစ်နိုင်ငံလုံးတွင် စစ်ရေးပြင်းထန်နေချိန် ဗျူဟာတစ်ခုအဖြစ် လုပ်ဆောင်ခြင်းလောဟုလည်း ဝေဖန်မှုများ ရှိနေသည်။

အထူးဒေသ ရထားသည် မိုင်းလားကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေးရန်မှာလည်း အခြေခံဥပဒေကို ပြင်ရဦးမည် ဖြစ်သည်။ အမျိုးသားတန်းတူရေးအတွက် ဗမာပြည်နယ်ဖွဲ့စည်းရန် SSPP ၏ တင်ပြချက်ကို စစ်ကောင်စီဥက္ကဋ္ဌက တစ်စုံတရာ မှတ်ချက်မပေးကြောင်း SSPP က ပြောဆိုထားသည်။

အခြားတစ်ဖက်တွင် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု မလုပ်ရန် ပြည်တွင်း ပြည်ပက တောင်းဆိုမှုများလည်း ရှိနေသည်။

………………………………..

ပြန်ကျသည့် ဒေါ်လာနှင့် ရွှေဈေး

ယခုသီတင်းပတ်အတွင်း အမေရိကန်တစ်ဒေါ်လာနှင့် မြန်မာကျပ်ငွေ ၂၇၀၀ ဝန်းကျင်သို့ ကျဆင်းလာပြီး ရွှေဈေး မှာလည်း တစ်ကျပ်သား ကျပ် ၂၅သိန်းဝန်းကျင်သို့ ကျဆင်းသွားသည်။

ဩဂုတ်လအတွင်းက အမေရိကန်တစ်ဒေါ်လာကို ကျပ် ၄၇၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ရွှေဈေးမှာလည်း ကျပ် ၃၂ သိန်းအထိ မြင့်တက်ခဲ့သည်။

ပြည်ပရောက် မြန်မာများ နိုင်ငံခြားငွေဖြင့် ရသည့် ဝင်ငွေကို ဘဏ်မှတစ်ဆင့် ပြည်တွင်းသို့လွှဲပြောင်းရာတွင် လွတ်လွတ်လပ်လပ်လုပ်ခွင့်ပြုခြင်း၊ ဈေးကွက်ထဲ ဒေါ်လာသန်း ၂၀၀ ထောက်ပံ့ခြင်း စသည်တို့ကြောင့် ဒေါ်လာဈေး ကျလာခြင်းဖြစ်သည်ဟု ဆိုကြသည်။

သို့သော် လက်တွေ့တွင် ဈေးကွက်အတွင်း မမြင်ရသည့် နေရာများမှ ဒေါ်လာများဝင်လာခြင်းကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။

ရွှေဈေးမှာမူ ကမ္ဘာ့ ရွှေဈေး ကျဆင်းလာခြင်း၊ ဒေါ်လာနှင့် ဘတ်ဈေးကျလာခြင်း၊ ပြည်တွင်း ရွှေ အရောင်းအဝယ် လျော့ကျလာခြင်း၊ စစ်ကောင်စီက ရွှေများကို ထုတ်ရောင်းနေခြင်း စသည်တို့ကြောင့် ကျဆင်းလာခြင်းဖြစ်သည်ဟု ဆိုသည်။

အလားတူ စက်သုံးဆီဈေးမှာလည်း အနည်းငယ်ကျဆင်းကာ တစ်လီတာ ကျပ် နှစ်ထောင်ဝန်းကျင် ဖြစ်လာသည်။ သို့သော် ဒေါ်လာဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေးတို့နှင့်အတူ လိုက်တက်သွားသည့် ကုန်ဈေးနှုန်းမှာ မူ လျော့ကျလာခြင်း မရှိသေးပေ။

………………………………..

ဒေါ်အောင်ဆန်းစုကြည်၊ ရှောင်တာနယ်နှင့် ဝန်ကြီးသုံးဦး ထောင်သုံးနှစ်ချခံရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်၊ NLD အစိုးရလက်ထက်က ဝန်ကြီးသုံးဦးတို့ကို စစ်ကောင်စီက စက်တင်ဘာလ ၂၉ရက်တွင် ထောင်ဒဏ် သုံးနှစ်စီချမှတ်လိုက်သည်။

မစ္စတာ ရှောင်တာနယ်၏ ကွန်ပျူတာမှ စာရွက်စာတမ်းများတွင် တွေ့ရှိချက်အရ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃ (၁) (ဂ) ဖြင့် တရားစွဲဆိုကာ ယင်းသို့ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

ထောင်ဒဏ်ချခံရရာတွင် ပါဝင်သည့် ဝန်ကြီးသုံးပါးမှာ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း၊ စီမံဘဏ္ဍာနှင့်စက်မှု ဒုဝန်ကြီး ဦးဆက်အောင်တို့ဖြစ်သည်။

မစ္စတာ ရှောင်တားနဲလ်ကို အထက်ပါပုဒ်မအပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃ (၁) ဖြင့်လည်း ထောင်သုံးနှစ် ချခဲ့သော်လည်း တစ်ပေါင်းတည်း ကျခံစေဆိုသဖြင့် စုစုပေါင်းထောင်ဒဏ် သုံးနှစ်သာ ကျခံရမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ယခုအမှုမတိုင်မီ ထောင်ဒဏ်နှစ် ၂၀ ချခံထားရသဖြင့် စုစုပေါင်းထောင်ဒဏ် ၂၃အထိ ရှိလာသည်။

မစ္စတာ ရှောင်တာနယ်နှင့် ဒုဝန်ကြီး ဦးဆက်အောင်တို့ ကိုဗစ်ကူးစက်ခံထားရသည်။

………………………………..

ခရီးသည်တင်လေယာဉ်ပစ်ခတ်ခံရပြီး ခရီးသည်တစ်ဦးဒဏ်ရာရ

ရန်ကုန်မှ ထွက်ခွာလာသည့် မြန်မာအမျိုးသားလေကြောင်းလိုင်း MNAပိုင် ခရီးသည်တင်လေယာဉ်တစ်စီး ကယားပြည်နယ် လွိုင်ကော်မြို့သို့ စက်တင်ဘာလ ၃၀ ရက် နံနက်ပိုင်းတွင် ဆင်းသက်စဉ် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ခရီးသည် အမျိုးသားတစ်ဦး ဒဏ်ရာရသွားသည်။

ကျည်ဆန် လေယာဉ်ကို ဖောက်ဝင်ကာ ခရီးသည်တစ်ဦး ပါးတွင် ထိမှန်ဒဏ်ရာရပြီး ထိုင်ခုံတွင် သွေးစွန်းနေသည့် ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။ လေယာဉ်တွင် ခရီးသည် ၆၃ ဦးလိုက်ပါလာခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီကမူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် PDF တို့က ပစ်ခတ်ခြင်းဖြစ်သည်ဟု စွပ်စွဲထား သည်။ KNPP ဘက်ကမူ စစ်ကောင်စီက သက်သေမရှိဘဲ အဖွဲ့အစည်းအမည်တပ် စွပ်စွဲခြင်းဖြစ်သာဖြစ်ပြီး ၎င်းတို့ အနေဖြင့် ပြည်သူကို အကြမ်းဖက်သည့်လုပ်ရပ်အား မလုပ်သလို ခရီးသည်တင်လေယာဉ်ကို ပစ်ရန် ညွှန်ကြား ထားခြင်းလည်း မရှိဟု KNPP ပြောရေးဆိုခွင့်ရှိသူက ပြောကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် MNA လွိုင်ကော်သို့ ပြေးဆွဲမည့်ခရီးစဉ်များကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်သည်။

………………………………..

နိုင်ငံရေးအကျဉ်းသားနှစ်ရာကျော် ထောင်ပြောင်းခံရပြန်

ရန်ကုန် အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား ၂၅၀ ကို ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်သို့ စက်တင်ဘာလ ၂၄ ရက်က ပြောင်းရွှေ့လိုက်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) က ထုတ်ပြန်သည်။

ထောင်ပြောင်းရာတွင် အကျဉ်းသား နှစ်ရာနှင့် အကျဉ်းသူ ၅၀ ပါဝင်သည်ဟု ဆိုသည်။

ယင်းသို့ ပြောင်းရွှေ့ခံရရာတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) မှ ဘဏ္ဍာရေးမှူး မယဉ်မြတ်နိုးဦးလည်း ပါဝင်ကြောင်း အဆိုပါကျောင်းသားသမဂ္ဂက ထုတ်ပြန်ထားသည်။ မယဉ်မြတ်နိုးဦးမှာ ပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၆နှစ်ချမှတ်ခံထားရခြင်းဖြစ်သည်။

စရိတ်စခ ကြီးမြင့်ပြီး လမ်းခရီး မလုံခြုံဖြစ်နေသည့် အခြေအနေမျိုးတွင် ထောင်ပြောင်းရွှေ့ခံရသဖြင့် မိသားစုဝင်များ ထောင်ဝင်စာ သွားတွေ့ရန် အခက်အခဲများစွာကြုံရနိုင်သည်ဟု ဝေဖန်ချက်များရှိနေသည်။

အင်းစိန်ထောင်ကနေ နိုင်ငံရေးအကျဉ်းသားများကို ပြောင်းရွှေ့မှုမှာ လေးကြိမ်မြောက်အထိ ရှိလာပြီဖြစ်သည်။ 

………………………………..

ပြည်ပထွက် အလုပ်သွားလုပ်သူများ ငွေပြန်လွှဲမည်ဟု စာချုပ်ချုပ်ခိုင်း

နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ MoU စနစ်ဖြင့် တရားဝင်လုပ်ကိုင်ရန် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာကြသည့် မြန်မာအလုပ်သမားများ

ပြည်ပထွက် လုပ်ကိုင်သည့် အလုပ်သမားများ ရရှိသည့် လုပ်အားခကို မြန်မာနိုင်ငံသို့ ပြန်လွှဲပေးမည်ဆိုသည့် အချက်ကို စာချုပ်တွင် ထည့်သွင်းချုပ်ဆိုရန် စစ်ကောင်စီက ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများကို ညွှန်ကြားထားသည်။

လုပ်အားခ၏ ၂၀ ရာခိုင်နှုန်း သို့မဟုတ် ၂၅ ရာခိုင်နှုန်း သို့မဟုတ် ၃၅ရာခိုင်နှုန်းကို နှစ်နိုင်ငံ ချိတ်ဆက်ထားသည့် ဘဏ်များမှ တဆင့် ပြည်တွင်းသို့ မဖြစ်မနေ လွှဲရမည် ဟု ထည့်သွင်းချုပ်ဆိုခိုင်းခြင်းဖြစ်သည်။ စစ်ကောင်စီ ဗဟိုဘဏ်က သတ်မှတ်ထားသည့် ငွေလဲနှုန်းအတိုင်း ပြည်တွင်း ဘဏ်များမှ လစာငွေကို ထုတ်ယူရမည်ဖြစ်ရာ ပြင်ပ ပေါက်ဈေးနှုန်းနှင့် အလွန်ကွာဟာသဖြင့် အလုပ်သမားများအတွက် အဆင်မပြေနိုင်ကြောင်း ဝေဖန်မှုများရှိသည်။

ယင်းအပြင် အလုပ်သမားများ နားရက်မှာ ဘဏ်ပိတ်ရက်ဖြစ်ခြင်း၊ ကျေးလက်ဒေသမှာ မိသားစုများမှာ မြို့ပေါ်တက် ကာ ဘဏ်တွင် လာထုတ်ရန် အဆင်မပြေခြင်း၊ ချေးငွေများယူကာ သွားရခြင်းဖြစ်သဖြင့် ခြောက်လ တစ်နှစ်အထိ ပြန်ဆပ်နေရခြင်းကြောင့် သတ်မှတ်ရာခိုင်နှုန်းကို ပြန်လွှဲပေးရန်မှာ အလုပ်သမားများတွက် များစွာ အခက်တွေ့နိုင် ကြောင်း ထောက်ပြမှုများရှိသည်။

ပြည်ပရောက် မြန်မာအလုပ်သမား အများစုမှာ ဟွန်ဒီစနစ်ဖြင့်သာ လွှဲကြခြင်းဖြစ်သည်။

………………………………..

ရခိုင်တွင် တိုက်ပွဲပိုကြမ်းလာ၊ မြို့များပါ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

ရခိုင်ပြည်နယ် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး လက်နက်ကြီး ပစ်ခတ်ခံရမှုသဖြင့် ကျေးရွာများတွင် ကလေးငယ်များအပါအဝင် ထိခိုက်သေဆုံးမှုများလာသလို မြို့ပေါ်အထိပါ လက်နက်ကြီးဖြင့်ပစ်ခတ်ခံလာရသည်။

စက်တင်ဘာလ ၂၅ ရက်က စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်သဖြင့် မင်းပြားနှင့် ကျောက်တော်မြို့ပေါ် တို့တွင် ကျရောက်ပေါက်ကွဲကာ လူနေအိမ်များ ဈေးဆိုင်ခန်းများ ပျက်စီးခဲ့သည်။ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့နယ်က ကျေးရွာအချို့တွင်လည်း ယခုသီတင်းပတ်အတွင်း လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲကာ ကလေးငယ်တစ်ဦးသေဆုံးပြီး ကလေး ၃ဦးအပါအဝင် ၁၀ ထက်မနည်း ဒဏ်ရာ ရခဲ့သည်။

AA ဘက်က စစ်ကောင်စီစခန်းများကို တိုက်ခိုက်ခြင်း၊ ရိက္ခာလာယူစဉ် တိုက်ခိုက်ခြင်းများကြောင့် တိုက်ပွဲများ ပြင်းထန်လာပြီး စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှုများရှိလာကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြသည်။

ရခိုင်မြောက်ပိုင်းမြို့နယ်များကို စစ်ကောင်စီက ကုန်လမ်း၊ ရေလမ်း အသွားအလာပိတ်ထားသဖြင့် စားသောက်ကုန်များနှင့် ဆေးဝါးများ ပြတ်လပ်မှုများ ကြုံတွေ့နေရပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုထားကြသည်။

မြို့တွင်းသွားလာမှုများတွင်ပင် မှတ်ပုံတင် ကိုင်ဆောင်သွားလာနေရသည်ဟုလည်း ပြောဆိုကြသည်။

………………………………..

ဗီဒီယိုဆင်ဆာစနစ်လာပြီ

ပြည်တွင်းတွင် ထုတ်လွှင့်နေသည့် ရုပ်သံလိုင်းများတွင် ပြသနေသည့် နိုင်ငံခြားဇာတ်ကားများ၊ ဇာတ်လမ်းတွဲများ၊ ပြည်တွင်း ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲများကို ဗီဒီယိုဆင်ဆာစိစစ်ရေးအဖွဲ့က စိစစ်ပြီး ခွင့်ပြုမှသာ ပြသခွင့် ပြုတော့မည်ဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲတင့် ဦးဆောင်ကာ စက်တင်ဘာလ ၂၇ ရက်က အစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဇာတ်ကား၊ ဇာတ်လမ်းတွဲများတွင် နိုင်ငံရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့် အပြောအဆို၊ စာသားများ၊ ကာမရာဂ နိုးဆွပေးသည့် အကြောင်းအရာများ မပါဝင်ရေး သေချာစိစစ်ရန် ဒုဝန်ကြီးက ပြောသည်။

လက်ရှိပြသနေကြရာတွင် မပါဝင်သင့်သည်များ ပါဝင်နေသည်ဟုလည်း ဆိုသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နှင့်ဆက်စပ်ပြီး ရုပ်သံထုတ်လွှင့်ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများ၊ Content Provider များမှာ ဗီဒီယိုဆင်ဆာအဖွဲ့ထံ တင်ပြပြီးမှ ပြသခွင့်ရတော့မည်ဖြစ်သည်။

စာပေစိစစ်ရေးစနစ်ကို ပြန်လည်အသက်သွင်းရန် ဥပဒေကို ပြင်ဆင်နေသလို စာအုပ်တိုက် ခုနစ်ခုထက်မနည်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ပိတ်သိမ်းထားပြီးဖြစ်သည်။

………………………………..

မော်ဒယ်နန်းမွေစံ ထောင်ခြောက်နှစ်ခံရ

မော်ဒယ် နန်းမွေစံကို မြောက်ဒဂုံမြို့နယ် စစ်ခုံရုံးက စက်တင်ဘာလ ၂၇ ရက်တွင် ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်ကြောင်း သတင်းဌာနအချို့က ဖော်ပြသည်။

လိင်အသားပေး ဓာတ်ပုံနှင့် ဗီဒီယိုများကို အခကြေးငွေရယူ၍ Exantria အမည်ရှိ ဝက်ဘ်ဆိုက်ထံ ဖြန့်ချိသည်ဟု ဆိုကာ ၎င်းနှင့်အတူ သရုပ်ဆောင်မော်ဒယ် သင်ဇာဝင့်ကျော်တို့ကို စစ်ကောင်စီက ဩဂုတ်လ ၅ ရက်တွင် ဖမ်းဆီးကာ အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃ (က) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

မော်ဒယ် နန်းမွေစံသည် ရှေ့နေခေါ်ခွင့်မရဘဲ အမိန့်ချခံရခြင်းဖြစ်ပြး သရုပ်ဆောင် သင်ဇာဝင့်ကျော်ကိုမူ မရမ်းကုန်းမြို့နယ် တရားရုံး စစ်ဆေးနေဆဲဖြစ်သည်ဟု သတင်းများတွင် ဖော်ပြသည်။ မော်ဒယ် နန်းမွေစံကို ပြစ်ဒဏ်ချမှုသတင်းနှင့် ပတ်သက်၍ စစ်ကောင်စီက ထုတ်ပြန်ထားခြင်း မတွေ့ရသေးပေ။

………………………………..