မြိတ်လေဆိပ်တွင် အဖမ်းခံရသည့် ဦးမျိုးဦး ပြန်လွတ်

0
5789

မြိတ်မြို့လေဆိပ်တွင် စစ်ကောင်စီက ဖမ်းဆီးသွားသည့် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားဆောင်ရွက်နေသူ ဦးမျိုးဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ကာယကံရှင် ကပြောသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်က NGO အစည်းအဝေးတစ်ခုသို့ သွားရောက်ရန် မြိတ်လေဆိပ်သို့ရောက်လာစဉ် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးသံသယဖြင့် ဖမ်းဆီးစစ်ဆေးခြင်းဖြစ်ပြီး မေးမြန်းစစ်ဆေးပြီးနောက် စက်တင်ဘာလ ၂၈ ရက်ညနေတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ကာယကံရှင် ဦးမျိုးဦး ကပြောသည်။

“သူတို့က ဖုန်းတွေကွန်ပျူတာတွေစစ်တယ် မေးမြန်းတယ်၊ကျွန်တော်က ဘာမှမလုပ်ထားတဲ့အတွက် ပြန်လွှတ်လိုက်တယ်”ဟု ၎င်းကပြောသည်။

သို့သော် ယနေ့တက်လာသည့် သတင်းတစ်ခုတွင် ကွန်ပျူတာကို စစ်ဆေးပြီး သူတို့လိုချင်သည့် အချက်အလက်မရှိသည့်အတွက် တောင်းပန်ပြီး ပြန်လွှတ်ပေးလိုက်သည်ဆိုသည့် ရေးသားချက်ပါရှိလာကြောင်း၊ စကားအသုံးနှုန်း အမှားများအတွက် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ၎င်းကဆိုသည်။

“ကိုယ့်ကိုပြန်ပတ်လာအောင်  အရေးအသားတွေမျိုး ဖြစ်နေတယ်။ စိတ်အနှောင့်အယှက် ဖြစ်ရတယ်”ဟု ဦးမျိုးဦး ကပြောသည်။

ဦးမျိုးဦးသည် NGO အဖွဲ့အစည်းတစ်ခုတွင် လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ဒီရေတောထိန်းသိမ်းရေးကိုလည်း အလေးပေး ဆောင်ရွက်နေသူဖြစ်သည်။