တနင်္သာရီ ဇဝဲရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရဟုဆို

0
4400

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

အသက် ၅၀ကျော်အရွယ် စစ်ကောင်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထူးကို ဇဝဲရွာအနီးဝန်းကျင်က ပြင်ဝန်းရွာတွင် လက်နက်ကိုင်အဖွဲ့တစ်ခုက စက်တင်ဘာလ ၂၇ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းနောက် နောက်တစ်ရက်အကြာ စက်တင်ဘာလ ၂၈ ရက်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားပြီဟု ကြားသိရကြောင်း ဒေသခံများက ပြောသည်။

“သေနတ်နဲ့ ပစ်သတ်လိုက်ပြီလို့ ကြားရတယ်။ အလောင်းကတော့ မရသေးဘူး” ဟု ဇဝဲကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ရဲတပ်ကြပ်ကြီးအငြိမ်းစားလည်းဖြစ်သူ ဦးခင်မောင်ထူးအား မည်သည့်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ကိုမူ မသိရှိရသေးကြောင်း ဒေသခံတို့က ဆိုသည်။

ဦးခင်မောင်ထူး စစ်ကောင်စီအား သတင်းပေးသဖြင့် အဖမ်းခံရသူ၊ တိမ်းရှောင်နေရသူများရှိကြောင်း ဒေသခံများက ပြောဆိုပြီး Dawei Watch အနေဖြင့်မူ ယင်းပြောဆိုချက်ကို သီးခြားအတည်မပြုနိုင်သေးပေ။

၎င်း၏ နေအိမ်မှာလည်း ဇဝဲရွာရှိ စစ်ကောင်စီတပ် ၅၅၆ တပ်ရင်းနှင့် ကပ်လျက်တွင် တည်ရှိကြောင်း ဒေသခံများက ပြောသည်။

ဦးခင်မောင်ထူး တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့၏ ပြောဆိုချက်ကို ကိုးကားကာ သတင်းမီဒီယာအချို့တွင် ဖော်ပြသည်။

သို့သော် ပြည်သူ့ကာကွယ်ရေးအဖွဲများကမူ ထုတ်ပြန်ချက ္တစ်စုံတစ်ရာ ထုတ်ပြန်ထားသည်ကို မတွေ့ရသေးပေ။

အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက် ဇဝဲလမ်းဆုံဂိတ်နှင့် လမ်းတစ်လျှောက်တွင် သွားလာနေသည့် ယာဉ်များအား စစ်ကောင်စီတပ်က တင်းတင်းကျပ်ကျပ် စစ်ဆေးလျှက်ရှိနေကြောင်း ကားသမားများက ပြောသည်။

“အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရလို့ မနေ့ မွန်းတည့်ကတည်းက ဇဝဲဂိတ်မှာ အစစ်အဆေးကြမ်းနေတာ။ ဒီနေ့လည်း ကြမ်းနေတုန်းပဲ” ဟု ကားသမားတစ်ဦးက ပြောဆိုသည်။

ဇဝဲကျေးရွာသည် မြိတ်နှင့် တနင်္သာရီမြို့အကြား ပြည်ထောင်စုလမ်းပေါ်တည်ရှိသည့် ရွာဖြစ်ပြီး ယင်းရွာလမ်းမှ တည့်တည့်သွားလျှင် တနင်္သာရီမြို့သို့ရောက်ကာ ဘယ်ဖက်တွင် တကူသရဘွင်သို့သွားသည့် လမ်းခွဲရှိသည်။