အိန္ဒိယနိုင်ငံသားများကို လူမှောင်ခိုကူး၍ မြန်မာနိုင်ငံတွင် ပိတ်လှောင်ထား

0
3846
ဓာတ်ပုံ - TELEGRAPH-Online

ထိုင်းနိုင်ငံတွင် IT နှင့်ပက်သက်၍ အလုပ်ရမည်ဟုဆိုကာ အိန္ဒိယနိုင်ငံသားများကို လိမ်ညာကာ လူမှောင်ခိုကူးလာပြီး မြန်မာနိုင်ငံတွင် ပိတ်လှောင်ဖမ်းဆီးထားကာ အဓမ္မအလုပ်ခိုင်းစေနေကြောင်း စက်တင်ဘာ ၂၄ ရက်နေ့တွင် မွန်ဘိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုမှတစ်ဆင့် ထိုင်းနိုင်ငံတွင် IT လုပ်ငန်းလုပ်ကိုင်ရမည်ဟု ကတိပေးကာ ၎င်းတို့ကိုခေါ်ဆောင်လာပြီးနောက် မဲဆောက်-မြဝတီ တရားမဝင်လမ်းကြောင်းမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်း ခေါ်ဆောင်လာခြင်းဖြစ်သည်။

ထိုင်းမြန်မာနယ်စပ် မြဝတီမြို့အနီးရှိ ရွှေကုက္ကိုလ်မြို့သစ်တွင် အိန္ဒိယနိုင်ငံသား ၃၀၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်ပြီး ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်သည့် အလုပ်များကို အဓမ္မစေခိုင်းနေကြောင်းကိုလည်း The Times of India က ပြီးခဲ့သည့်  ရက်ပိုင်းက ရေးသားဖော်ပြခဲ့သည်။

ရွှေကုက္ကိုလ်မြို့သစ်မှာ မြဝတီမြို့မြောက်ဘက် ဆယ်မိုင်ခန့်အကွာတွင်ရှိပြီး လက်နက်ကိုင်အဖွဲ့များ ကြီးစိုးရာဒေသဖြစ်ပြီး ယင်းစီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်များမှာ ရှင်းလင်းခြင်းမရှိပေ။

ယင်းရွှေကုက္ကိုလ်မြို့သစ်တွင် တရားမဝင် လုပ်ငန်းအများအပြား လုပ်ကိုင်နေကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း မြန်မာစစ်တပ်အပါအဝင် ယင်းဒေသ အခြေစိုက်လက်နက်ကိုင် အဖွဲ့များက ယင်းကိစ္စအပေါ် ထုတ်ပြန်ပြောဆိုသည်ကို မတွေ့ရပေ။

TELEGRAPH Online သတင်းဌာန၏ မွန်ဘိုင်းမှလာသော သတင်းတစ်ရပ်တွင်မူ မွန်ဘိုင်းဒေသမှ အိန္ဒိယနိုင်ငံသား ၇၀ ကျော်အထိ မြန်မာနိုင်ငံတွင် ပိတ်မိနေဆဲဖြစ်ကြောင်း တိုင်ကြားချက်များ ရရှိထားပြီး ယင်းပိတ်လှောင်ခံထားရသူများထဲမှ ၃ ဦး၏ အချက်အလက်များ ရရှိပြီဟုဆိုသည်။

၎င်းတို့သည် မြန်မာနိုင်ငံတွင် ပိတ်မိနေကြောင်းကို သူငယ်ချင်းဖြစ်သူထံသို့ ကြိုးစားဆက်သွယ်ခဲ့ပြီး ၎င်းမှတဆင့် မွန်ဘိုင်းရဲတပ်ဖွဲ့ဆီသို့ ပြန်လည်တိုင်ကြားခဲ့ကြောင်းသိရသည်။

၎င်းတို့ကို တရားမဝင် ဆိုင်ဘာလုံခြုံရေး လုပ်ငန်းများ လုပ်ကိုင်ပေးရန်အတွက် အတင်းအကျပ် စေခိုင်းခံနေရကြောင်းကို လာရောက်တိုင်ကြားသူက ပြောဆိုထားသည်။

မြဝတီမြို့တွင် ပိတ်လှောင်ခံထားရသော အိန္ဒိယနိုင်ငံသား ၆၀ ကျော်အနက် ၃၀ ကျော်ကိုလည်း မကြာသေးခင်အချိန်က ကယ်တင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရှိ အန္ဒိယသံရုံးက ရေးသားထားသည်။

အဖမ်းခံရသူများတွင် အိန္ဒိယနိုင်ငံ တောင်ပိုင်း Tamil Nadu ပြည်နယ်မှ လူ ၅၀ ခန့်ပါသည့်အတွက် ပြည်နယ်အစိုးရဝန်ကြီးများက အိန္ဒိယ ဗဟိုအစိုးရထံ အကူအညီတောင်းခံထားကြောင်းလည်း သတင်းများကဆိုသည်။ 

အိန္ဒိယနိုင်ငံသားများအနေဖြင့် နိုင်ငံခြားသွားရောက်လုပ်ကိုင်သူများ၏ အချက်အလက်များနှင့် ယခင်က စေလွှတ်ခဲ့သော အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ၏ နောက်ခံအချက်အလက်များကို တိုက်ဆိုင်စစ်ဆေးကြရန် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှ စနေနေ့က တိုက်တွန်းချက် ထုတ်ပြန်ထားသည်။

အာရှတလွှားကို ပစ်မှတ်ထားလှုပ်ရှားနေသည့် လူမှောင်ခိုဂိုဏ်းများကွန်ရက်မှာ မြန်မာနိုင်ငံ မြဝတီမြို့အနီး တစ်ဝိုက်တွင် အခြေစိုက်လှုပ်ရှားနေကြောင်း ထိုင်ဝမ်သတင်းများတွင်လည်း ဖော်ပြထားသည်။

ယင်းလူမှောင်ခိုကွန်ရက်တွင် အဓိကကျသည့် ခေါင်းဆောင်များဟု ယူဆရသူ ထိုင်ဝမ်နိုင်ငံသား ၃ ဦးကို ၂၀၂၂ သြဂုတ်လအတွင်းက ကမ္ဘောဒီးယားရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ထိုင်ဝမ်ရဲတပ်ဖွဲ့ထံလွှဲပြောင်းပေး ခဲ့သေးသည်။