ထားဝယ် ဟိန္ဒူဘုရားပွဲ ခမ်းခမ်းနားနားမကျင်းပဘဲ ဝတ်ပြုဆုတောင်းမှုသာပြုလုပ်

0
4363

ဟိန္ဒူဘုရားပွဲကို ခမ်းခမ်းနားနားကျင်းပခြင်းမပြုဘဲ သီတင်းကျွတ်လဆန်း ၂ ရက်နေ့မှစပြီး ဘုရားကျောင်းဆောင်အတွင်း ဝတ်ပြုဆုတောင်းရုံသာ ကျင်းပ‌နေသည်ဟု ‌ထားဝယ်မြို၊ ရှမ်းမလည်ဆွဲရပ်ကွက်တွင်ရှိသော ဟိန္ဒူဘုရားကျောင်းမှ ဂေါပက အကျိုးဆောင်အဖွဲ့က ဆိုသည်။

အဆိုပါ ဟိန္ဒူဘုရားပွဲတော်မှာ ဘုရားပွဲလာပရိသတ်များအား ပျော်ပွဲရွှင်ပွဲများဖြင့် ညစဉ်ဧည့်ခံလေ့ရှိပြီး ပွဲတော်နောက်ဆုံးရက်တွင် ထားဝယ်မြို့အတွင်း တီးဝိုင်းကားများဖြင့် လှည့်လည် ပူဇော်ခံသည့် ဓလေ့ရှိသည်။

သို့သော်ယင်းဘုရားပွဲကို ၂၀၂၀ ခုနှစ်မှစပြီး  ကိုဗစ်ကပ်ဘေးနှင့် နိုင်ငံရေး အခြေအနေကြောင့် ယခင်ကလို စည်စည်ကား မကျင်းပဖြစ်သည်မှာ ယခုဆို သုံးနှစ်ရှိနေပြီဖြစ်ကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ကျောင်းဆောင်အတွင်းပဲ ဘာသာရေးထုံးတမ်းစဉ်လာအရ ပွဲတင်မယ် ဝတ်ပြုဆုတောင်းမယ်။ အဲလောက်ပဲ လုပ်ဖြစ်မယ်”ဟု ၎င်းကပြောသည်။

ထားဝယ်မြို့ရှမ်းမလည်ဆွဲရပ်ကွက်တွင် နှစ်စဉ် ကျင်းပလေ့ရှိသော ဟိန္ဒူဘုရားပွဲ(ခေါ်) မမဘုရားပွဲကို ယခုနှစ် သီတင်းကျွတ်လဆန်း ၂ ရက်နေ့ကတည်းက ဝတ်ပြုဆုတောင်းရုံသာ ကျင်းပနေပြီး သီတင်းကျွတ်လဆန်း ၁၀ ရက်နေ့အထိ ကိုးရက်ကိုးညတိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယင်းဘုရားပွဲတော်သည် ထားဝယ်ဒေသ၏ မိုးအကုန်ပွင့်လင်းရာသီတွင် ကျင်းပသော ပထမဆုံးပွဲတော်ဖြစ်ပြီး ထားဝယ်ခရိုင်အတွင်းရှိ ဟိန္ဒူဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များလည်း ယင်းပွဲတော်ကို တက်ရောက်ဆင်နွှဲကြသည်။

ထားဝယ်ဒေသတွင် မမဘုရားပွဲတော်ကျင်းပပြီးနောက် ဒုတိယမြောက် ကျင်းပသည့်ပွဲတော်ဖြစ်သော ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကို ယခုနှစ်တွင် အခမ်းအနားဖြင့်ကျင်းပရန် စစ်ကောင်စီက စီစဉ်နေသည်။