မြိတ်တွင်ခရီးသွားလုပ်ငန်းများ ပြန်စရန်စီစဉ်၊ ကျွန်းခရီးစဉ်များ ဈေးတက်

0
3728

ပွင့်လင်းရာသီရောက်လာတော့မည်ဖြစ်၍ မြိတ်ခရိုင်တွင် ခရီးသွားလုပ်ငန်းများ ပြန်စတင်ရန်စိုင်းပြင်းနေကြပြီး ကျွန်းစုမြို့နယ်အတွင်းရှိ ကျွန်းခရီးစဉ်များမှာ ယခင်နှစ်ထက် စျေးတက်လာကြောင်းတွေ့ရသည်။

လတ်တလောတွင် ကျွန်းခရီးလည်ပတ်ရေး အစီအစဉ်တို့ကို ခရီးသွားလုပ်ငန်းအချို့သာ ကြိုတင်ကြော်ငြာ ရောင်းချနေကြခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က တစ်ညအိပ် ကျွန်းခရီးစဥ်များအတွက် လူတစ်ဦးလျှင် ကျပ်နှစ်သိန်းကျော်၊ သုံးသိန်းဝန်းကျင်ခန့်မှ ယခုနှစ်တွင် လေးသိန်းကျပ်မှ လေးသိန်းငါးသောင်းကျပ်ခန့်အထိ စျေးတက်ထားကြောင်း ခရီးသွားဝန်ဆောင်မှု လုပ်ငန်းအချို့က ပြောပြသည်။

“မနှစ်က ဆီဈေးနဲ့ ဒီနှစ်ဈေးက အတော်ကွာတာ၊ ဆီဈေးတွေတက်လို့ ဈေးတိုးထားရတဲ့သဘောပါ” ဟု ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် ပွင့်လင်းရာသီက ဒီဇယ်ဆီတစ်ပီပါလျှင် ကျပ်နှစ်သိန်းကျော်ကျော်သာ ရှိခဲ့ပြီး ယခုနှစ်တွင် ကျပ်ခုနစ်သိန်းကျော်အထိ ပေါက်ဈေးရှိနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။

“ခရီးသွားလုပ်ငန်းက အရင်လိုမဟုတ်တော့ဘူး၊ နှစ်နှစ်ရှိပြီပေါ့၊ ကိုဗစ်နဲ့ နိုင်ငံရေးတွေဖြစ်တော့ အလုပ်သိပ်မဖြစ်ကြဘူး၊ လောလောဆယ် နေ့ချင်းပြန်ရော၊ ညအိမ်ခရီးရော ဈေးမသတ်မှတ်ရသေးဘူး” ဟု ခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုမှ တာဝန်ခံတစ်ဦးက ပြောသည်။

ကျွန်းခရီးစဉ်တို့တွင် ကြယ်လိပ်၊ ဘေလီ၊ စမတ်၊ ဒုံးညောင်မှိုင်း၊ ဒုံးပုလဲအော်(ဆလုံရွာ)၊ နတ်သမီးရေတွင်း၊ လေးကျွန်း၊ မင်းသားကျွန်း စသည့် ကျွန်းများသို့ စပိဘုတ်တို့ဖြင့် နေ့ချင်းပြန် သို့မဟုတ် တစ်ညအိပ် သွားရောက်လည်ပတ်လေ့ရှိကြသည်။

“ကျွန်း‌မသွားဖြစ်တာငါးနှစ်လောက်ရှိနေပြီ ခုချိန်က ကုန်ဈေးနှုန်းကြီးလို့ စားဖို့ပဲ နပန်းလုံး‌နေရတာ၊ လည်တာပတ်တာ‌တွေက စဉ်းတောင် မစဉ်းစားသေးဘူး” ဟု မြို့သစ်ရပ်နေ အသက် ၄၀ နှစ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါကျွန်းလည်ပတ်မှု ခရီးစဉ်တို့အား တိုင်းပြင်ပနေသူတို့နှင့် နိုင်ငံခြားခရီးသွားများ အများဆုံး သွားရောက်လည်ပတ်လေ့ရှိကြသည်။

သို့သော် စစ်အာဏာသိမ်းမှုအပြီး ဖြစ်ပေါ်လာသည့် နယ်မြေမအေးချမ်းမှုကြောင့် ပြည်တွင်းခရီးသွားများနှင့် ပြည်ပခရီးသွားများ တနင်္သာရီတိုင်းသို့ လာရောက်လည်ပတ်မှု မရှိတော့ပေ။

ယခုပွင့်လင်းရာသီတွင် ခရီးသွားလုပ်ငန်းများက လုပ်ငန်းပြန်လည်စတင်နိုင်ရန် လုပ်ဆောင်နေသည်ဆိုသော်လည်း လက်တွေ့တွင် ခရီးသွားများ လာရောက်နိုင်ဖွယ်မရှိပေ။

စစ်အာဏာသိမ်းပြီးနောက် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများမကြာခဏဖြစ်နေသဖြင့် လမ်းခရီးမအေးချမ်းသလို လမ်းတစ်လျှောက် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များကြောင့်လည်း ခရီးသွားလိုသူ နည်းပါးခြင်းဖြစ်သည်။