ပုလော ထမင်းမစားရွာတွင် တိုက်ပွဲဖြစ်ပြီး နေအိမ်နှစ်ဆောင်မီးရှို့ခံရ

0
5027

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ မင်းမစားကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေအိမ်နှစ်ဆောင် မီးရှို့ခံရကြောင်း ဒေသခံများ ထံမှသိရသည်။

စက်တင်ဘာလ ၂၃ ရက်နေ့နံနက်က နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက်  မီးရှို့ခံရသည်ဟု ဒေသခံများကပြောသည်။

“အိမ်နှစ်ဆောင်မီးရှို့ခံရတယ်၊ တစ်ဆောင်ကတော့ပြာကျသွားတယ်။ တိုက်အိမ်ကတော့ ခေါင်မိုးပဲလောင်သွားတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။

အဆိုပါနေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်မှ မီးရှို့ခြင်းမဟုတ်ဘဲ ထမင်းမစားရွာ၊ ပိန္နဲကုန်းရပ်ကွက်နေ ပျူစောထီးများက ရှို့ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်များ ကဆိုသည်။

စက်တင်ဘာလ ၂၃ ရက်နေ့က မြိတ်ခရိုင်တပ်ရင်း(၁)နှင့် မဟာမိတ်တပ်ဖွဲ့များသည် “နန်းထိုက်အောင် စစ်ဆင်ရေး”အဖြစ် ထမင်းမစားရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များအား သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ပုလောပြည်သူ့ ကာကွယ်ရေးတပ်က ယနေ့နံနက်က ထုတ်ပြန်ထားသည်။

နံနက် ၈ နာရီမှ စတင်ကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နံနက် ၈ နာရီ ၃၀ တွင် တိုက်ပွဲပြီးဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း တိုက်ပွဲကြောင့် နှစ်ဖက်အထိအခိုက် ကျဆုံးမှုကို ဖော်ပြထားခြင်းမရှိပေ။

သို့သော်တိုက်ပွဲဖြစ်ပြီးနောက် နေအိမ်သုံးဆောင် မီးရှို့ခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဒေသခံများ၏ အဆိုအရမူ နေအိမ် ၂ ဆောင်သာမီးရှို့ခံရကြောင်း သိရသည်။

ထမင်းမစားကျေးရွာသည် ပုလော-ထားဝယ် ပြည်ထောင်စုလမ်းပေါ်တွင်ရှိပြီး ယခင်ကလည်း ထိတွေ့တိုက်ပွဲဖြစ်ခဲ့ဖူးသည့် ကျေးရွာဖြစ်သည်။