အကျဘက်မှာ ဆက်ရှိနေသည့် ရွှေ၊ ဘတ်၊ ဓာတ်ဆီစျေးကွက်

0
3715

တနင်္သာရီတိုင်းသားများ၏ နေ့စဉ်လူမှုဘဝအတွက် အရေးပါလှသည့် ဘတ်၊ရွှေဈေးနှုန်းမှာ ယခုအပတ်တွင် အကျကြမ်းခဲ့သည်။

ထိုင်းဘတ်နှင့် ရွှေမှာ ပြီးခဲ့သည့်အပတ်က ကျရိပ်ပြပြီးနောက် ယခုအပတ်တွင် သိသိသာသာ ဈေးကျသွားပြီး စက်သုံးဆီဈေးမှာမူ ဖြည်းဖြည်းချင်းသာ ကျနေသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ထိုင်းဘတ်ငွေလဲလှယ်နှုန်းနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

သိန်းဂဏန်းအထိ ဈေးကျသည့်ရွှေ

ပြီးခဲ့သည့်အပတ်က တစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ်နီးပါးအထိ ဈေးဖွင့်ထားသည့် အခေါက်ရွှေသည် ယခုအပတ်တွင် တစ်ကျပ်သားလျှင် ငွေကျပ်သိန်းဂဏန်းအထိ ဈေးကျသွားသည်။

အမေရိကန်ဒေါ်လာ အတက်အကျနှင့် ချိတ်ဆက်နေသည့် ရွှေဈေးမှာ စက်တင်ဘာလ ၁၉ ရက် (ယခုအပတ်တနင်္လာနေ့)တွင် နှစ်ဆယ့်ရှစ်သိန်းကျော်သာ ဈေးပေါက်တော့သည်။

ယင်းနေ့တွင် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၃၃၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့သည်။

ဆက်လက်ကျဆင်းလာသည့် ရွှေဈေးသည် နောက်တစ်ရက်တွင်မူ နှစ်ဆယ့်ခုနှစ်သိန်းကျော်(၂၇၈၀၀၀၀ ကျပ်) အထိ ကျဆင်းသွားပြီး ထားဝယ်ဈေးကွက်အတွင်း အရောင်းအဝယ် မရှိသလောက် နည်းသွားခဲ့သည်။

လက်ရှိရွှေဈေးနှုန်း အပြောင်းအလဲအရ ဆက်လက်ကျဆင်းနိုင်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ခန့်မှန်းသည်။

“အခုအနေအထားအရတော့ အကျဘက်ပဲ အားသန်နေသလားလို့ပါရှင်”ဟု ၎င်းက ပြောသည်။

အခေါက်ရွှေဈေးမှာ စက်တင်ဘာလ ၂၃ ရက်(သောကြာနေ့) နံနက်တွင်လည်း တစ်ကျပ်သားလျှင် ၂၇၈၀၀၀၀ ကျပ်ဖြင့်ပင် ဈေးဖွင့်ထားသည်။

ရွှေနှင့်အပြိုင်ကျသည့် ဘတ်ဈေး

ယခုအပတ်တွင် ထိုင်းဘတ်ငွေဈေးသည်လည်း ရွှေဈေးနှင့်အတူ ကျဆင်းသွားပြီး ကျပ် ၉၀ အောက်ရောက်သွားခဲ့သည်။

အမေရိကန်ဒေါ်လာဈေးကျခြင်း၊ ရွှေဈေးကျခြင်းများကြောင့် ထိုင်းဘတ်ဈေးလည်း လိုက်ပါကျဆင်းသွားသည်။

ယခုအပတ် တနင်္လာနေ့က ထိုင်းငွေတစ်ဘတ်လျှင် ၈၇ ကျပ် ဝန်းကျင် ပေါက်ဈေးရှိရာမှ ကြာသပတေးနေ့တွင် ၈၃ ကျပ်သာ ကျန်တော့သည်။

ဘတ်ဈေးအတက်ကြမ်းဆုံးကာလဖြစ်သည့် ဩဂုတ်လနှောင်းပိုင်း ပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက တစ်ဘတ်လျှင် ၁၇ ကျပ်ဝန်းကျင် ကျသွားခြင်းဖြစ်သည်။

စက်တင်ဘာလ ၂၄ ရက်(စနေနေ့)တွင် ၈၃ ကျပ်ဝန်းကျင် ပေါက်ဈေးရှိပြီး မြန်မာကျပ်ငွေတစ်သိန်းလျှင် ၁၁၉၈ ဘတ် ဖြင့် လဲလှယ်နေသည်။

ငွေလွှဲလုပ်ငန်းရှင်အချို့ကမူ လာမည့်အပတ်တွင် ကျပ်ရောင်းပြီး ဘတ်ဝယ်ထားရန် သင့်တော်သည့်အချိန်ဖြစ်သည်ဟု ခန့်မှန်းပြောဆိုကြသည်။

 ထင်သလောက်မကျသည့် စက်သုံးဆီဈေး

ရွှေနှင့်ဘတ်ဈေး အကျကြမ်းခဲ့သော်လည်း စက်သုံးဆီဈေးမှာ ထင်သလောက် ကျဆင်းသွားခြင်း မရှိခဲ့ပေ။

ပြီးခဲ့သည့်အပတ်က 92 ဓာတ်ဆီတစ်လီတာလျှင် ၂၄၀၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေခဲ့ရာမှ စက်တင်ဘာလ ၁၉ ရက်(တနင်္လာနေ့)တွင် ၁၅၀ ကျပ် ဈေးကျသွားခဲ့သည်။

အဆိုပါနေ့ပေါက်ဈေးမှာ တစ်လီတာလျှင်  ၂၂၄၅ ကျပ်ရှိခဲ့ပြီး စက်တင်ဘာလ ၂၁ ရက်နေ့တွင် ၂၃၅၅ ကျပ် ပေါက်ဈေးရှိနေသည်။

အဆိုပါဈေးနှုန်းမှာ လိုင်စင်ရှိ ဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားဖြစ်ပြီး ပြင်ပပေါက်ဈေးနှင့် ကွာဟမှုရှိသည်။

စက်တင်ဘာလ ၂၄ ရက်(စနေနေ့) ၏ 92 ဓာတ်ဆီတစ်လီတာ ရည်ညွှန်းဈေးမှာ ၂၂၁၅ ကျပ် ဖြစ်သည်။

စစ်ကောင်စီကသတ်မှတ်သည့် ရည်ညွှန်းဈေးနှင့် ပြင်ပပေါက်ဈေးမှာ တစ်လီတာလျှင် ငွေကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ဈေးကွာတတ်သည်။

ပန့်ခ်ဖြင့် ရောင်းချနေသည့် ဆီဆိုင်ငယ်များတွင် တစ်လီတာလျှင် ၂၄၀၀ ကျပ်ဝန်းကျင်မှ ၃၂၀၀ ကျပ်ဝန်းကျင်အထိ ရောင်းချနေကြသည်။

ဈေးကွက်သုံးသပ်ချက်

အမေရိကန်ဗဟိုဘဏ်က ဘဏ်အတိုးနှုန်းတိုးမြင့်လိုက်ပြီးနောက်ပိုင်း ဒေါ်လာဈေးနှုန်း ဆက်တိုက်ကျဆင်းလာသည့်အတွက် ရွှေဈေးလည်း လိုက်ပါကျဆင်းနေခြင်းဖြစ်သည်။

လက်ရှိအခင်းအကျင်းအရ ရွှေဈေးမှာ လာမည့်အပတ်တွင် ငွေကျပ်သောင်းဂဏန်း ဆက်ကျလာနိုင်သည်။

ကမ္ဘာ့ရွှေဈေးမှာလည်း ဈေးတန်းတစ်ခုတွင် အလှုပ်အခတ်နည်းစွာ ရပ်တန့်နေပြီး မြန်မာရွှေဈေးမှာ ရေတိုအချိန်ကာလတစ်ခုအထိ ကျဆင်းနိုင်ဖွယ်ရှိပါတယ်။

ဒေါ်လာဈေး ပြန်ကန်လာမှသာ ရွှေဈေး ပြန်တက်လာနိုင်ဖွယ်ရှိနေသည်။

ဘတ်ဈေးမှာလည်း ဆက်ကျနိုင်မည့် အခြေအနေမရှိသေးသော်လည်း ပြန်တက်နိုင်ချေလည်း မရှိသဖြင့် တစ်ဘတ် ကျပ် ၈၀ ကျော်တွင် ဆက်ရှိနေဦးမည်ဖြစ်သည်။

ဘတ်ဝယ်ရောင်းသမားများ၏ အဆိုအရ ဘတ်ဈေးကျနေသည့် လက်ရှိအချိန်သည် ဘတ်ဝယ်ထားရန် သင့်တော်သည်ဟု ဆိုနေသည်။

ပြီးခဲ့သည့် လမှစကာ ဆက်တိုက်ကျလာသည့် စက်သုံးဆီဈေးမှာ ယခုအပတ်တွင်လည်း ဆက်လက်ကျဆင်းနေသည်။

ကမ္ဘာ့ရေနံဈေးကလည်း ယခုအပတ်တွင် ကျဆင်းနေသည့်အတွက် လာမည့်အပတ်တွင် စက်သုံးဆီဈေး ဆက်ကျနိုင်ဖွယ်ရှိနေသည်။