တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
3997

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ

ရှရှားကို ထပ်မံပိတ်ဆို့မှုတွေနဲ့အတူ EU နိုင်ငံခြားရေးဝန်ကြီးတွေ အရေးပေါ်စည်းဝေး

ရုရှားသမ္မတ ပူတင်က ယူကရိန်းမှာ တိုက်ခိုက်ဖို့ အရန်စစ်သည်အင်အား ၃ သိန်း ပြင်ဆင်ထားရေး အမိန့်ပေးပြီးတဲ့နောက်မှာ ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးတွေက စက်တင်ဘာ ၂၁ ရက် နယူးယောက်မြို့မှာ အရေးပေါ် အစည်းအဝေး ကျင်းပပါတယ်။

နိုင်ငံခြားရေးဝန်ကြီးတွေဟာ ကုလသမဂ္ဂမှာ နှစ်စဉ်ကျင်းပနေကျ ကမ္ဘာ့ခေါင်းဆောင်များ စည်းဝေးပွဲအတွက် နယူးယောက်မြို့မှာ ရောက်နေကြတာ ဖြစ်ပါတယ်။

“ဝန်ကြီးတွေက ဒီခြိမ်းခြောက်မှုကို ဆွေးနွေးဖို့၊ ယူကရိန်းကို ဆက်ပြီး ပံ့ပိုးပေးဖို့နဲ့ ပူတင်က ကျနော်တို့အားလုံး လက်မခံနိုင်တဲ့ အခြေအနေထဲ ဆက်လုပ်နေတာနဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းကို သတိပေးဖို့ လိုအပ်ပါတယ်” လို့ EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဇက်ဘော်ရယ်က ဆိုပါတယ်။

ဝန်ကြီးတွေကနေ ယူကရိန်းကို စစ်ရေးအရ ဆက်ပံ့ပိုးကူညီမှုနဲ့ ရုရှားအပေါ် နောက်ထပ် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ဖို့ကို ဆွေးနွေးမယ်လို့လည်း သူက ပြောပါတယ်။

“ရုရှားကနေ ယူကရိန်းကို ဖျက်ဆီးချင်နေတာ ရှင်းနေတာပဲ့” လို့လည်း ဘော်ရယ်က ပြောခဲ့ပါတယ်။

Ref: REUTERS

………………………………..

ဂျပန်က ဗီဇာ ကင်းလွတ်ခွင့် ပြုတော့မယ်

ဂျပန်နိုင်ငံက အောက်တိုဘာ ၁၁ ရက်မှ စတင်ကာ Covid-19 စည်းကမ်းအချို့ကို ဖျက်သိမ်းမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ကီရှီဒါ က အမေရိကန်ရောက်နေစဥ် စက်တင်ဘာ ၂၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

တစ်ဦးချင်းလာရောက်လည်ပတ်ခွင့်ကို ခွင့်ပြုပြီး ဗီဇာကင်းလွတ်ခွင့်ပါရှိမယ်လို့ ဂျပန် ဝန်ကြီးချုပ်က နယူးယောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါဟာ ခရီးသွား လုပ်ငန်းကို ပြန်လည်ရှင်သန်အောင်အားထုတ်မူတစ်ခုဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

Ref: Nikkei Asia

………………………………..

ပါကစ္စတန်မှာ ရေဘေးကြောင့် ငှက်ဖျားနဲ့ အဖျားရောဂါတွေ ဆက်တိုက်ဖြစ်လို့ လူ ၃၀၀ ကျော်သေဆုံး

ပါကစ္စတန်မှာ ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရတဲ့ ဒေသတွေတလျှောက် ငှက်ဖျားရောဂါနဲ့ တခြားရောဂါတွေကြောင့် သေဆုံးသူ ၃၂၄ ယောက် ရှိသွားပြီလို့ အာဏာပိုင်တွေက စက်တင်ဘာ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။

ပါကစ္စတန်တောင်ပိုင်းက အဆိုးရွားဆုံး ဒေသတွေထဲက တခုဖြစ်တဲ့ ဆင်းဒ်ပြည်နယ်ရဲ့ ဒေသတချို့က ရေဘေးဒုက္ခသည်တွေကြားမှာ ငှက်ဖျားရောဂါ အမြန်ကူးစက်နေပါတယ်။

ဆင်းဒ်ပြည်နယ် ဆေဝှမ်မြို့က ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေမှာ ငှက်ဖျားနဲ့ အစာအိမ်ရောဂါ ခံစားနေရတဲ့ ရေဘေးဒုက္ခသည် အများအပြားကို မြင်ခဲ့တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ဖျားနာနေတဲ့ ကလေး ၁၀ ယောက်မှာ ၈ ယောက် ၉ ယောက်လောက်က ငှက်ဖျားရောဂါဖြစ်နေကြောင်း ဆရာဝန်များက ဆိုပါတယ်။

Ref: REUTERS

………………………………..

ဂျပန်တွင် တိုက်ဖွန်းမုန်တိုင်းကြောင့် လူ ၂ ဦးသေဆုံး

ဂျပန်နိုင်ငံကို စက်တင်ဘာ ၁၈ ရက်ညပိုင်းက နန်မာဒေါလ်တိုင်ဖုန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် လူနှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တခြားနှစ်ယောက်ကိုတော့ အသက်ရှင်လျက် ရှိ၊ မရှိ အတည်မပြုနိုင်သေးတဲ့ အနေအထားနဲ့ ရှာတွေ့ခဲ့တယ်လို့ အစိုးရပြောခွင့်ရှိသူက စက်တင်ဘာ ၂၀ ရက်နေ့က ပြောကြားထားတာပါ။

မုန်တိုင်းဟာ ဂျပန်နိုင်ငံတောင်ပိုင်း ကာဂိုရှီးမာမြို့ကို ဝင်ရောက်ခဲ့ပြီး ကျူရှူးဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကာ အဲဒီနောက် မုန်တိုင်းဟာ အနောက်ဘက်ကမ်းရိုးတန်းတလျှောက် ရွေ့လျားသွားပါတယ်။

မုန်တိုင်းထဲမှာ ပျောက်ဆုံးနေသူတယောက်ကို သက်ဆိုင်ရာက ရှာဖွေနေကာ အနည်းဆုံး လူ ၁၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ၁၄ ဦး စိုးရိမ်ရတယ်လို့ သိရပါတယ်။

Ref: CNA

………………………………..

ထရမ့်နဲ့ သူ့ရဲ့ သားသမီးတွေ လိမ်လည်မှုနဲ့ တရားစွဲဆိုခံရ

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ သူရဲ့ သားနှစ်ဦးဖြစ်ကြတဲ့ ဒေါ်နယ်ထရမ့်ဂျူနီယာ၊ အီးရစ်ထရမ့်နဲ့ သမီးဖြစ်သူ အိုင်ဗန်ကာထရမ့်တို့ကို နယူးယောက်ပြည်နယ် ရှေ့နေချုပ်ရုံးကနေ လိမ်လည်မှုနဲ့ စက်တင်ဘာ ၂၁ ရက်နေ့က တရားစွဲဆိုလိုက်ပါတယ်။

အိမ်ခြံမြေရောင်းဝယ်ရေးတွေပြုလုပ်ရာမှာ မမှန်ကန်တဲ့ပြသမှုတွေ၊ အခွန်ရှောင်ဖို့ မမှန်ကန်တဲ့ တန်ဖိုးချပြမှုတွေနဲ့ နယူးယောက်ရှေ့နေချုပ် Letitia James က တရားစွဲဆိုလိုက်ခြင်းဖြစ်ပါတယ်။

ထိုတရားစွဲဆိုခြင်းအတွက် နမူနာဖြစ်ရပ်ပေါင်း ၂၀၀ ကျော်ကို ဖော်ထုတ်တင်ပြနိုင်ခဲ့တယ်လို့ ရှေ့နေချုပ် Letitia James ကပြောကြားထားပါတယ်။

Ref: CNN

………………………………..

ထိုင်ဝမ်မှာ ပြင်းအား ၆ ဒသမ ၈ အဆင့် ပြင်းအားမြင့် ငလျင်လှုပ်ခတ်

ထိုင်ဝမ်အရှေ့တောင်ပိုင်းမှာ စက်တင်ဘာ ၁၈ ရက်က ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူအသေအပျောက် မရှိခဲ့ပေမဲ့ ၁၄၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ယုလိမြို့နယ်မှာ ပြိုကျခဲ့တဲ့ ကုန်စုံစတိုးဆိုင်က လူ ၄ ယောက်လုံးကို ကယ်ဆယ်နိုင်ခဲ့သလို ပျက်စီးသွားတဲ့ တံတားပေါ်ကနေ ကားတစီး ပြုတ်ကျခဲ့လို့ လူ ၃ ယောက်ကိုကယ်ဆယ်ပြီး ဆေးရုံပို့ထားတယ်လို့ ထိုင်ဝမ်မီးသတ်ဌာနက ပြောပါတယ်။

ငလျင်ကြောင့် ထိုင်ဝမ်နိုင်ငံအရှေ့ပိုင်းရှိ တုန်းလီဘူတာရုံမှာ ရထားစင်္ကြန် မျက်နှာကျက် ပြိုကျပြီး ရထားတွဲ သုံးစင်း လမ်းချော်ခဲ့ပါတယ်။

အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့ USGS ကတော့ ငလျင်ဟာ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၂ နဲ့ ဗဟိုချက်က မြေအောက်အနက် ခြောက်မိုင်ကို ဗဟိုပြုခဲ့တယ်လို့ သတ်မှတ်ထားပါတယ်။

Ref: REUTERS

………………………………..

အာဂျင်တီးနားရဲ့ လစဉ်ငွေကြေးဖောင်းပွမှုနှုန်း ၇ ရာခိုင်နှုန်းအထိ ရှိလာ

အာဂျင်တီးနားနိုင်ငံရဲ့ လစဉ်ငွေကြေးဖောင်းပွမှုနှုန်းဟာ ဩဂုတ်လမှာ ၇ ရာခိုင်နှုန်း ရှိခဲ့ပြီး တစ်နှစ်အတွင်း ၈၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်တာတယ်လို့ အစိုးရရဲ့ INDEC စာရင်းအင်း အေဂျင်စီက ပြောလိုက်ပါတယ်။

လေ့လာသုံးသပ်သူတွေက စားသုံးသူစျေးနှုန်းတွေ ၆ ဒသမ ၆ ရာခိုင်နှုန်းတိုးလာမယ်လို့ ခန့်မှန်းထားခဲ့ပေမဲ့ ဒီထက် ကျော်လွန်ပြီး ပိုများခဲ့တာပါ။

အာဂျင်တီးနားနိုင်ငံမှာ ကုန်စျေးနှုန်းတွေ တဟုန်ထိုးတက်နေသလို ပြည်သူတွေရဲ့ လုပ်ခနဲ့ စုဆောင်းငွေတွေ ကျဆင်းနေကာ အခုနှစ်ပထမရှစ်လမှာ ကုန်ဈေးနှုန်းက ၅၆ ဒသမ ၄ ရာခိုင်နှုန်းအထိ တက်ခဲ့ပါတယ်။

ကြွေးမြီနဲ့ ငွေကြေးအကျပ်အတည်းတွေကို နှစ်ပေါင်းများစွာ ရုန်းကန်နေရတဲ့ အာဂျင်တီးနားဟာ မကြာသေးမီက ဗဟိုဘဏ်စစ်တမ်းတစ်ခုအရ ၂၀၂၂ ခုနှစ်မှာ ငွေဖောင်းပွမှုနှုန်းက ၉၅ ရာခိုင်နှုန်းနဲ့ အဆုံးသတ်မယ်လို့ ခန့်မှန်းထားပါတယ်။

Ref: REUTERS

………………………………..

မက္ကဆီကိုငလျင်ကြောင့် လူ ၂ ဦးသေဆုံးကာ အဆောက်အအုံ ၃၀၀၀ ကျော်ပျက်စီး

မက္ကဆီကိုနိုင်ငံမှာ ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၆ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု စက်တင်ဘာ ၁၉ ရက်နေ့မှာ လှုပ်ခတ်မှုကြောင့် လူနှစ်ယောက် သေဆုံးပြီး အဆောက်အအုံ ၃,၀၀၀ ကျော် ပျက်စီးသွားပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အများစုဟာ အနောက်ဘက် မီချိုဝါကန်ပြည်နယ်ထဲက ငလျင်ဗဟိုအနီးရှိ ပြည်နယ်တွေမှာဖြစ်ကြောင်း အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

၁၉၈၅ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေက အဲဒီနေ့မှာပဲ အင်အားပြင်းငလျင်ကြီးတွေ လှုပ်ခတ်ခဲ့လို့ အထိမ်းအမှတ် စုဝေးစီတန်းလေ့ကျင့်မှု လုပ်နေချိန်အပြီးမှာ တိုက်တိုက်ဆိုင်ဆိုင် ငလျင်လှုပ်ခဲ့တာ ဖြစ်ပါတယ်။

တောင်ပေါ်မြို့ ကိုးလ်ကိုမန်မှာ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ အများပြည်သူဆိုင်ရာ အဆောက်အဦတွေနဲ့ နေအိမ်တွေ သိသိသာသာ ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ဖို့က နှစ်ပေါင်းများစွာ ကြာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Ref: BBC

………………………………..

ဖမ်းဆီးခံရ အမျိုးသမီးသေဆုံးမှုအတွက် အီရန်ပြည်သူများ ဆန္ဒပြ

အီရန်နိုင်ငံမှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးငယ်တဦး သေဆုံးမှုနဲ့ပတ်သက်ပြီး အီရန်နိုင်ငံတဝန်း စုဝေးဆန္ဒပြနေကြပါတယ်။

ကြွေးကြော်သံတွေ ဟစ်ကြွေးချီတက်ခဲ့ကြတဲ့ ဆန္ဒပြသူတွေကို အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက လမ်းတွေပိတ်ဆို့ပြီး လူစုခွဲခဲ့ကြပါတယ်။

ဆန္ဒပြပွဲတွေကြောင့် စက်တင်ဘာ ၂၂ ရက်အထိ စုစုပေါင်း အနည်းဆုံး လူ ၃၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အီရန်နိုင်ငံ ကာဒစ်စတန်ပြည်နယ်က အသက် ၂၂ နှစ်အရွယ် မယ်ဆာ အာမီနီ (Mahsa Amini) ဟာ မသင့်လျော်တဲ့ ဝတ်စားဆင်ယင်မှုကြောင့် ရဲတွေဖမ်းတာခံရပြီးတဲ့နောက် သေဆုံးခဲ့တာပါ။

Ref: The Guardian

………………………………..

ယူကရိန်းနဲ့ ရှရှားတို့ အကျဉ်းသားများ အပြန်အလှန်လွှတ်

ရုရှားဟာ ထိပ်တန်းစစ်ခေါင်းဆောင်တွေအပါအဝင် ယူကရိန်းအကျဉ်းသား ၂၁၅ ယောက်ကို လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း စက်တင်ဘာ ၂၁ ရက်မှာ ကိယက်ဗ်အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။

အပြန်အလှန်အနေနဲ့ ကိယက်ဗ်ကလည်း ရုရှားအကျဉ်းသား ၅၅ ယောက်အပြင် နိုင်ငံတော်သစ္စာဖောက်မှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ရုရှားလိုလားသူ အပိတ်ခံထားရတဲ့ ပါတီတခုရဲ့ခေါင်းဆောင် ဗစ်တာမဒ်ဗဒ်ချပ်ခ်ကိုလည်း လွှတ်ပေးခဲ့ကြောင်း ယူကရိန်းသမ္မတ ရုံးခန်းအကြီးအကဲ အန်ဒရီယေး ယာမက်ခ်က ပြောပါတယ်။

လွတ်မြောက်လာသူတွေထဲမှာ တိုက်ပွဲပေါင်းများစွာ ပါဝင်ခဲ့တဲ့ Azov တပ်မှူး ဒုဗိုလ်မှူးကြီး ဒဲနစ် ပရိုကိုပန်ကိုနဲ့ သူ့ရဲ့လက်ထောက် ဒုတပ်မှူး ဆဗီယာတိုဆလဗ် ပါလမာ အပြင် ယူကရိန်းတပ်မတော်ရဲ့ အမှတ် ၃၆ မရိန်းတပ်မဟာရဲ့ တပ်မှူး ဆာဟီး ဗိုလင်စကီးလည်း လွတ်မြောက်လာတဲ့အထဲ ပါဝင်လာကြောင်း ယာမက်ခ်က ပြောပါတယ်။

Ref: The Guardian

………………………………..