ထိုင်းတွင် လျော်ကြေးမရဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သားတစ်ရာကျော်ဆန္ဒပြ

0
3872
ပုံ - YeMin AAC Group

ထိုင်းနိုင်ငံ စမူပရကန်ခရိုင်ရှိ ငါးသေတ္တာစက်ရုံတစ်ခုတွင် တရားဝင်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၁၀ ဦး လျော်ကြေးမရဘဲ အလုပ်ထုတ်ခံလိုက်ရသဖြင့် စက်ရုံရှေ့တွင် ယနေ့ ဆန္ဒပြကြကြောင်း အလုပ်သမားများက ပြောသည်။

အဆိုပါအလုပ်သမားများမှာ စမူပရကန်ခရိုင် ဘန်ဘော်နယ်မြေရှိ Premier Canning Industry Company Limited စက်ရုံတစ်ခုတွင် လုပ်ကိုင်နေကြသူများဖြစ်သည်။

စက်ရုံဘက်က အလုပ်လျော့နည်းလာသည်ဟုသာ ယေဘုယဆန်ဆန်အကြောင်းပြချက်ပေးပြီး ကြိုတင်အသိပေး အကြောင်းကြားခြင်းလည်း မရှိဘဲ စက်တင်ဘာလ ၁၇ ရက်တွင် ရုတ်တရက် အလုပ်ထုတ်လိုက်ခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။

နစ်နာကြေးလည်းမရဘဲ အလုပ်ထုတ်ခံရခြင်းဖြစ်သဖြင့် အလုပ်သမားများသည် ယနေ့ (စက်တင်ဘာ ၂၀) ဆန္ဒပြခဲ့ကြကြောင်း အလုပ်သမားများထံမှ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အလုပ်သမားဝန်ကြီးဌာနနှင့် အလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (AAC) တို့က ကူညီဖြေရှင်းပေးရန်လည်း တောင်းဆိုကြကြောင်း ၎င်းတို့ထံမှ သိရသည်။ AAC အဖွဲ့နှစ်ခုရှိပြီး ယခုအဖွဲ့မှာ ဦးရဲမင်းဦးဆောင်သည့် အဖွဲ့ဖြစ်သည်။

“အလုပ်သမားတွေမှာ ကိုယ်ပိုင်နံပါတ်တွေရှိတယ်။ စနေနေ့ည အလုပ်ကပြန်လာတော့ Messanger ကနေ ဘယ်နံပါတ်တွေက တနင်္လာနေ့ အလုပ်ဆင်းစရာမလိုတော့ဘူး။ အလုပ်ထုတ်လိုက်ကြောင်း စာလာတယ်” ဟု အလုပ်သမားတစ်ဦးက ပြောသည်။

စက်ရုံတွင် ပတ်စ်ပို့ စာအုပ်ကိုင်ဆောင်ထားသူနှင့် ထိုင်းအစိုးရက ထုတ်ပေးသည့် ပန်းရောင်ကတ် ခေါ် ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်ကတ် ကိုင်ဆောင်ထားသူဟု နှစ်မျိုးရှိကြောင်း အလုပ်သမားများထံမှ သိရသည်။

ယခုအလုပ်ထုတ်ခံရသူများမှာ ပန်းရောက်ကတ် ကိုင်ဆောင်ထားသူများဖြစ်ပြီး လုပ်သက် အနည်းဆုံး ငါးလမှ တစ်နှစ် ဝန်းကျင်ရှိသူများဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

အလုပ်သမားကတ်ရရှိရန်အတွက် စက်ရုံကို ငွေကြေးပေးထားရပြီး အလုပ်သမားကတ် မရရှိသေးသူများပါ အလုပ်ထုတ်ခံရသည့်အထဲ ပါဝင်နေကြောင်း အလုပ်သမားများက ပြောသည်။

အဆိုပါစက်ရုံက အလုပ်ထုတ်မှုမှာ ယခုဖြစ်ရပ်မှာ ယခုနှစ်အတွင်း ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သော ဇူလိုင်လ ၁၅ ရက်ကလည်း မြန်မာအလုပ်သမား ၅၀ ကျော် အလုပ်ထုတ်ခံရသေးကြောင်း ၎င်းတို့က ဆိုသည်။

“ဒီစက်ရုံက နှစ်တိုင်းအဲဒီလို ထုတ်နေကြ။ အလုပ်များတုန်းကဆိုရင် (ပန်းရောင်ကတ်) ဘတ်ရှိလည်း ခေါ်ထည့်၊ ဘတ်မရှိလည်း ခေါ်ထည့်နဲ့။ အခုကျတော့ အလုပ်မရှိတော့လို့ဆိုပြီး တိတ်တိတ်လေး အထုတ်ခံရတယ်။ အရင်က ကလေးတွေ အထုတ်ခံရတုန်းက အလုပ်ဝင်တာ ၃လပဲ ရှိသေးတာ။ ဘယ်မှလည်း မသွားတတ်ဆိုတော့ တိုင်ကြား မှုတွေ ဘာတွေလည်း မရှိကြဘူး” ဟု စက်ရုံတွင် နှစ်ရှည်လုပ်ဖူးသူ အလုပ်သမားဟောင်းတစ်ဦးက ဆိုသည်။

ယခင်က အလုပ်ထုတ်ခံလိုက်ရသော မြန်မာအလုပ်သမား ၅၀ ကျော်သည် မည်သည့်အဖွဲ့အစည်းကိုမျှ တိုင်ကြားခြင်း၊ ကူညီတောင်းခံခြင်းမရှိသဖြင့် လျော်ကြေးမရရှိကြောင်း ၎င်းက ပြောဆိုသည်။

ယခုအကြိမ်တွင် အလုပ်သမားများ ဆန္ဒပြမှုကြောင့် စက်ရုံဘက်က အလုပ်ပြန်ဝင်ရန် ပြောဆိုသော်လည်း တောင်းဆိုမှုကို ညှိနှိုင်းမရသေးဘဲ အလုပ်ပြန်မဝင်နိုင်ကြောင်း အလုပ်သမားက ပြောသည်။

အထက်ပါကိစ္စကို ဖြေရှင်းရန် NUG အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီထံတင်ပြကာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိဟောင်း ဦးဝေလင်းမောင်နှင့် AAC အဖွဲ့က ညှိနှိုင်းဆောင်ရွက်နေပြီဖြစ်ကြောင်း AAC ထံမှ သိရသည်။

ထိုင်းအလုပ်သမားဥပဒေအရ အလုပ်သမားများသည် စက်ရုံတွင် ရက်ပေါင်း ၁၂၀ အထက်လုပ်ကိုင်ခဲ့ပါက တရားဝင် အလုပ်သမားဖြစ်သည့်အတွက် စက်ရုံမှ တရားဝင်လျော်ကြေးမပေးဘဲ ထုတ်ပိုင်ခွင့်မရှိပေ။

အလုပ်ထုတ်ပါက လုပ်သက် ၁၂၀ ရက်မှ ၁ နှစ်အထိရှိလျှင် လျော်ကြေးအဖြစ် လုပ်အားခ ရက်ပေါင်း ၃၀ စာ လုပ်အား၊ လုပ်သက် ၁ နှစ်မှ ၃ နှစ်အထိ ရှိလျှင် လျော်ကြေး လုပ်အားခ ရက်ပေါင်း ၉၀ စာ ပေးရမည်ဖြစ်သည်။

စက်တင်ဘာလ ၉ ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ အုန်းရိုင် Big C အနီးရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် တရားဝင် လုပ်သက်ပြည့် မြန်မာလုပ်သား ၂၀ဝခန့်ကို အကြောင်းပြချက် မခိုင်လုံဘဲ အလုပ်ထုတ်ရာ အလုပ်ရှင်နှင့် ညှိနှိုင်းရာ ပြေလည်မှုမရရှိသဖြင့် အလုပ်သမားများက အလုပ်ရှင်ကို တရားစွဲထားသည်။

စက်တင်ဘာ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်ရှိ လျှပ်စစ်ပစ္စည်းစက်ရုံတွင် မြန်မာအလုပ်သမား ၂၇၀ ခန့်ကို ရုတ်တရက် အလုပ်ထုတ်လိုက်ရာ နစ်နာကြေးအဖြစ် ဘတ် ၅ သန်းကျော် ရရှိခဲ့သည်။