ပုလော၊ကဒဲရွာအနီးတွင် ခရီးသည်တင်ကားပစ်ခတ်ခံရပြီး ယာဉ်မောင်းသေနတ်ဒဏ်ရာရ

0
5027
ပုံစာ - ဒဏ်ရာရလူနာအား ထားဝယ်ကြက်ခြေနီအဖွဲ့က ပုလောဆေးရုံသို့ ပို့ဆောင်နေစဉ်။ဓါတ်ပုံ - Dawei Red Cross Branch

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာအနီးတွင် ခရီးသည်တင်ယာဉ်ငယ်တစ်စီး ပစ်ခတ်ခံခဲ့ရပြီး ယာဉ်မောင်းအမျိုးသားမှာ သေနတ်ဒဏ်ရာရရှိသွားကြောင်း ထားဝယ်မြို့နယ်ကြက်ခြေနီအဖွဲ့ထံမှ သိရသည်။

ယနေ့ (စက်တင်ဘာ ၂၀) နေ့လယ် ၁၂ နာရီခွဲခန့်က ကဒဲရွာအနီးတွင် ဒဏ်ရာရထားသည့် အဆိုပါ ယာဉ်မောင်းကို တွေ့ရှိခဲ့သဖြင့် ကူညီကာ ဆေးရုံပို့ပေးခဲ့ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေနတ်ကျည်ထိမှန်ပြီး ဒဏ်ရာရခဲ့သူမှာ အသက် ၃၅ နှစ်ဝန်းကျင်အရွယ် အိုအေစစ်ယာဉ်လိုင်းမှ ယာဉ်မောင်းသူဖြစ်ပြီး ရင်ဘတ်တွင် ဒဏ်ရာရရှိကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

“ဒဏ်ရာဘယ်လောက် ပြင်းမပြင်းကိုတော့ ကျွန်တော်တို့မသိရဘူး။ ကျွန်တော်တို့တွေ့တဲ့အချိန် သူ့စပယ်ရာ(ယာဉ်အကူ)က သွေးတိတ်အောင် အဝတ်နဲ့အထပ်ထပ်စည်းထားပြီးပြီ” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါယာဉ်သည် ကော့သောင်းမြို့မှ ထားဝယ်မြို့သို့ မောင်းနှင်လာပြီး ခရီးသည် ငါးဦး လိုက်ပါလာသည်ကို တွေ့ရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထားဝယ်ကြက်ခြေနီအဖွဲ့သည် ထားဝယ်မြို့မှ မြိတ်မြို့သို့ သင်တန်းကိစ္စဖြင့် လာရောက်စဉ် ကဒဲရွာအနီး လမ်းပေါ်၌ အဆိုပါဒဏ်ရာရနေသူအား တွေ့ရှိသဖြင့် ပုလောဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြေင်း ယင်းအဖွဲ့ထံမှ သိရသည်။

ယင်းပစ်ခတ်မှုမှာ မည်သို့ဖြစ်သည်ကို မသိရှိရသော်လည်း ကြားရသည့် သေနတ်သံများအရ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်း၊ တစ်ဖက်တည်းက ပစ်နေသည့် အသံမျိုးဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ကဒဲကျေးရွာအနီး ပြည်ထောင်စုလမ်းပေါ်တွင် ယနေ့ နံနက် ၈ နာရီဝန်းကျင်က မြိတ်ဘက်မှ တက်လာသည့် စစ်ယာဉ်တန်းကို ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပုလောပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားသည်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုလည်း မိနစ်အနည်းငယ်ကြာ ဖြစ်ပွားခဲ့ပြီး မိမိတို့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒေသခံပြည်သူ့ကာကွယ်ရေး တပ်များဆုတ်ခွာသွားပြီးနောက် နေ့လယ်ပိုင်းတွင် သေနတ်ပစ်ခတ်သံ သုံးလေးချက်ထပ်မံ ကြားရသေးကြောင်း ပုလောဒေသခံ အချို့က ပြောသည်။

“၁၂ နာရီ ဝန်းကျင်လောက်က မိုင်းဆွဲခံရတဲ့နေရာမှာ သေနတ်ပစ်သံ ထပ်ကြားရသေးတယ်။ အံစာတုန်းကားက လူတစ်ယောက် ထိသွားတယ်လို့လည်းကြားရတယ်။ ပစ်သံက တစ်ခြမ်းတည်းပဲ။ ဘယ်ဖက်က ပစ်တာလည်းတော့ မသိရဘူး” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ခရီးတင်ယာဉ် ယာဉ်မောင်း ကျည်ထိမှန်သည့်ဖြစ်စဉ်နှင့် လူနာ၏ နောက်ဆက်တွဲ အခြေအနေတို့ကိုမူ မသိရသေးပေ။