ဆူပါတိုင်ဖွန်းမုန်တိုင်းကြောင့် ဂျပန်တွင် လူ ၂ ဦးသေဆုံးကာ၊ ၉၀ ခန့်ဒဏ်ရာရ

0
3793

ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း အင်အားအကြီးဆုံး ဆူပါတိုင်ဖွန်းမုန်တိုင်း ဂျပန်သို့ ဝင်ရောက်သွားခဲ့ရာ မြေပြိုမှုများ၊ ရေလွှမ်းမိုးမှုများ ရှိနေသဖြင့် ကယ်ဆယ်ရေး လုပ်သားများက သတိပေးချက်များ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် တနင်္ဂနွေက ကျူရှူးကျွန်းကို ဝင်ရောက်တိုက်ခတ်သွားသော တိုင်ဖွန်းမုန်တိုင်း နန်မာဒိုကြောင့် လက်ရှိအချိန်အထိ လူ ၂ ဦးသေဆုံးထားပြီး ၊ လူ ၉၀ ဒဏ်ရာရရှိကြောင်း  သတင်းထုတ်ပြန်ထားသည်။

လူဦးရေ ၉ သန်းခန့် နေရာများ ရွှေ့ပြောင်းခဲ့ရပြီး နေအိမ်ပေါင်း ၃ သိန်းခွဲကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက် ခဲ့ရသည်။

လာမည့် ၂၄ နာရီအထိ မိုးရေချိန် ၁၆ လက်မရှိနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။

သေဆုံးသူနှစ်ဦးအနက် အမျိုးသားတစ်ဦးမှာ ရေလွှမ်းမိုးချိန် ကားရေနစ်သွားသဖြင့် သေဆုံးခြင်း ဖြစ်ပြီး နောက်ထပ်တစ်ဦးမှာ မြေပြိုသဖြင့် သေဆုံးရခြင်း ဖြစ်သည်။

ဆူပါတိုင်ဖွန်းသည် တစ်နာရီလျှင် ၁၄၅ မိုင် လေတိုက်နူန်းဖြင့် ဝင်ရောက်လာခြင်း ဖြစ်ပြီး နေအိမ်များ ပျက်စီးခြင်း ၊ သယ်ယူပို့ဆောင် ရေးများ စီးပွါးရေးလုပ်ငန်းများ ရပ်တန့်ခြင်းတို့ တွေ့ကြုံခဲ့ရသည်။

လက်ရှိ မုန်တိုင်းအခြေအနေကြောင့် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ သည် ကုလသမဂ္ဂဌာနချုပ်တွင် မိန့်ခွန်းပြောကြားမည့် နယူးယောက်ခရီးစဉ်အား ရွှေ့ဆိုင်းခဲ့ရသည်။