ပါကစ္စတန်ရေဘေးနောက်ဆက်တွဲ လူ ၁၀၀၀ ကျော်သေဆုံး၊ အကူအညီများတောင်းခံ

0
350

ရေဘေး တိုင်းပြည်အနှံ့ဖြစ်ပွါးပြီးနောက် လူပေါင်းတစ်ထောင်ကျော် သေဆုံးခဲ့ပြီး သန်းပေါင်းများစွာ နေရာများ ရွှေ့ပြောင်းရလျက်ရှိရာ ပါကစ္စတန်အစိုးရက နိုင်ငံတကာထံ အကူအညီပေးရန် တောင်းဆိုလိုက်သည်။

အမေရိကန်ပြည်ထောင်စု၊ ဗြိတိန် နှင့် ယူအေအီး တို့က အကူအညီများပေးထားသော်လည်း လိုအပ်ချက်များစွာ ရှိနေသေးကြောင်း ပြည်ထဲရေးဝန်ကြီးက BBC ကို ပြောကြားသည်။

တိုင်းပြည်၏ အနောက်မြောက်ပိုင်းတွင် ခီဘာပက်တွန်ခွါပြည်နယ်၌ မြစ်များ ကမ်းပါးပြိုခဲ့ရာ ထောင်ပေါင်းများစွာ သော ပြည်သူများ တိမ်းရှောင်ရကာ နေအိမ်များစွာ မြစ်ထဲပါသွားခဲ့သည်။

“နှစ်ပေါင်းများစွာ ကျွန်မတို့ ချွေးနဲ့ရင်းပြီး တည်ဆောက်ထားတဲ့ အိမ်ကလေးဟာ မျက်စိရှေ့မှာပဲ ရေထဲပြိုကျ မျောသွားပါတယ်” ဟု အသက် ၂၃နှစ်အရွယ် ဂျူနိုက်ခန်း က AFP သတင်းဌာနကို ပြောကြားခဲ့သည်။

ပါကစ္စတန်အရှေ့တောင်ပိုင်းပြည်နယ် ဆင်းဒ်တွင်လည်း ထောင်ပေါင်းများစွာသော ပြည်သူများ နေရာစွန့်ခွါ တိမ်းရှောင်ခဲ့ကြရသည်။

“စီးပွါးရေးပြဿနာတွေနဲ့ လုံးပန်းနေရတဲ့ ပါကစ္စတန်ဟာ မုတ်သုန်ရာသီ သဘာဝဘေးဒဏ်ကို ကျော်လွှားရပါဦးမယ်” ဟု ပြည်ထဲရေးဝန်ကြီး ဆယ်လမန်ဆူဖီ က ပြောကြားသည်။

ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းရန်ပုံငွေများကို သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် သုံးစွဲခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။