သံဖြူဇရပ်ရဲစခန်း ပစ်ခတ်ခံရမှုတွင် လူငယ်ခြောက်ဦး ဖမ်းဆီးခံရ

0
475

မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့မရဲစခန်းကို ပစ်ခတ်ရာတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲပြီး လူငယ်ခြောက်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးအမှုဖွင့်ထားကြောင်း မြို့ခံအချို့က ပြောသည်။

သံဖြူဇရပ် မြို့မရဲစခန်းကို ဩဂုတ်လ ၁၇ ရက်ညက သံဖြူဇရပ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းပစ်ခတ်မှုနှင့်ပတ်သက်ပြီး ဩဂုတ်လ ၂၅ ရက်က သံဖြူဇရပ်မြို့ ကြံခိုင်ရေးရပ်ကွက်မှ အသက် ၃၁ နှစ်အရွယ် ကိုလင်းထွဋ်ဝင်း (ခ) ကိုပု (ခ) ကိုတရုပ်ပုဆိုသူကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီဘက်က ဩဂုတ်လ ၂၇ ရက်နေ့က ထုတ်ပြန်ထားသည်။

သံဖြူဇရပ်မြို့မရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ရန် ကိုပိုင်စိုး (ခေါ်) ကိုပိုင်စိုးဦးဆိုသူက လူ၊ လက်နက်ထောက်ပံ့ပေးပြီး စေခိုင်းခဲ့ကာ ကိုလင်းထွဋ်ဝင်းက ထွက်ဆိုထားသည်ဟုလည်း ထုတ်ပြန်ထားသည်။

၎င်းအပြင် ပါဝင်ပတ်သက်သူ အသက် ၂၅နှစ်အရွယ်များဖြစ်သည့် ကိုဇေယျာဝင်း၊ ကိုထွန်းထွန်းလင်း၊ ကိုဝင်းမင်းထွန်း နှင့် ၂၇ နှစ်အရွယ် ကိုဆက်နိုင်ဦး၊ ၂၈နှစ်အရွယ် ကိုဇော်ဦးတို့ကိုလည်း ဩဂုတ်လ ၂၅ရက်က ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“အဖမ်းခံရတဲ့ လူငယ် ၆ဦးကို အခု အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

ဖမ်းဆီးထားသည့် အထက်ပါလူငယ် ခြောက်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က) ၊ ၅၀ (ဈ) တို့ဖြင့် သံဖြူဇရပ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားသည်ဟု ထုတ်ပြန်ထားသည်။

သံဖြူဇရပ်မြို့မရဲစခန်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်တွင် လာရောက်တိုက်ခိုက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး ရဲတပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သံဖြူဇရပ်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။