မြိတ်၌ လူငယ်သုံးဦးစီးလာသည့်ဆိုင်ကယ် ပစ်ခတ်ခံရ၍ နှစ်ဦးသေဆုံးဟုဆို

0
380
Myeik

မြိတ်မြို့ ကမ်းနားလမ်းတွင် လူငယ်သုံးဦး အတူစီးလာသည့် ဆိုင်ကယ် ဩဂုတ်လ ၂၄ ရက် ညပိုင်းတွင် ပစ်ခတ်ခံရပြီး လူငယ်တစ်ဦးသေဆုံးကာ အနီးဝန်းကျင်က အမျိုးသားတစ်ဦးလည်း ကျည်ထိမှန်သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၂၄ရက် ည ၇နာရီခန့်က မြိတ်မြို့ကမ်းနားလမ်း ပုလဲရတနာခန်းမရှေ့တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဆိုင်ကယ် စီးလာသည့် လူငယ်သုံးဦးအနက် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။

ပုလဲရတနာခန်းမရှေ့၌ စစ်ကောင်စီတပ်ဖွဲ့က သွားလာနေသည့်ယာဉ်များအား စစ်ဆေးနေစဉ် လူငယ် သုံးဦးအတူ စီးလာသည့် ဆိုင်ကယ်ကို စစ်ဆေးရန်အတွက် တားစဉ် ဆိုင်ကယ်မရပ်ပေးသဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောဆိုသည်။

“ပထမတော့ ခြောက်ပစ်တယ်။ မရပ်တော့ နောက်ထပ် ထပ်ပစ်ရာမှာ ထိသွားတယ်” ဟု ဆိုင်ကယ်ကယ်ရီမောင်းသူ အမျိုးသားတစ်ဦးက ပြောသည်။

လူငယ် သုံးဦးအနက် နောက်ဆုံးမှ လိုက်ပါလာသူမှာ ပွဲချင်းပြီးသေဆုံးပြီး အလယ်မှ လိုက်ပါသူမှာ ဒဏ်ရာပြင်းထန်ကာ ဆိုင်ကယ်မောင်းလာသူမှာ ထွက်ပြေးသွားကြောင်း ဒေသခံများက ပြောဆိုသည်။

ဆိုင်ကယ်စီးလာသူ သုံးဦးစလုံးသည် အသက် ၂၀ ကျော်ဝန်းကျင် အရွယ်များဖြစ်ပြီး အင်းလေးမြိုင်စက်မှုဇုံရှိ ဗင်းတေ့ခ်ျ ငါးအမုန့်ကြိတ်စက်ရုံမှ ဝန်ထမ်းများ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“အလုပ်ကအပြန် အရက်သွားသောက်ကြပြီး အိမ်အပြန်မှာ ပစ်ခံရတာ” ဟု သေဆုံးသူ၏ မိသားစုနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

သေဆုံးသည့်လူငယ်မှာ ၎င်းတို့လုပ်ကိုင်နေသည့် စက်ရုံအနီး ကုန်းဖောက်ရပ်ကွက်တွင် နေထိုင်ကြောင်း ဒေသခံများ ထံမှ သိရသည်။

ထို့အပြင် ပစ်ခတ်မှုဖြစ်စဉ်အတွင်း အနီးအနားရှိ အသက် ၄၀ အရွယ် ကုန်ထမ်းသူအမျိုးသား တစ်ဦးလည်း ကျည်ဆံထိမှန် သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

သေဆုံးမှုဖြစ်စဉ်ကို Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

မြိတ်မြို့တွင် ဗုံးဖေါက်ခွဲမှုနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်အချို့အား ပစ်သတ်ခံရမှုလည်း ယခုလအတွင်း ခပ်စိပ်စိပ်ဖြစ်လာနေသည်။

ယင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ကလည်း ဆိုင်ကယ်တစ်စီးတွင် အမျိုးသားနှစ်ဦး၊ သုံးဦးစီးလာသူများအား စစ်ဆေးခြင်း၊ ဖမ်းဆီးဒဏ်ရိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။