ထားဝယ်တွင် ကားခဈေးနှုန်း နှစ်ဆခန့်တက်

0
536
ထားဝယ်မြို့အတွင်းရောက်ရှိလာတဲ့ ကျေးလက်ဒေသမှ ခရီးသည်တင်ကားများ

ထားဝယ်တွင်စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ခရိုင်အတွင်းပြေးဆွဲသည့် ခရီးသည်တင်ကားများ ကားခ ဈေးနှုန်းမှာ နှစ်ဆခန့်တက်လာကြောင်း ဒေသခံများကပြောသည်။

အာဏာမသိမ်းခင်က သရက်ချောင်းမြို့နယ် အောက်ဘက်ကျေးရွာများနှင့် ထားဝယ်သို့ ပြေးဆွဲနေသည့်ကားခမှာ ခရီးသည်တစ်ဦးလျှင် အသွားအပြန် ကျပ် တစ်သောင်းခန့်သာ ရှိရာမှာ ယခုအသွားအပြန် ကျပ်သုံးသောင်းခန့် ဖြစ်လာသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“အခုချိန်မှာ ထားဝယ်တစ်ခေါက်သွားရဖို့ မနည်းစဉ်းစားရတယ်။ ကျမ်းမာရေး ကိစ္စကလွဲ့လို့ လူမလိုက်တော့ဘူး။ ဝယ်တာချမ်းတာ တွေက ကားသမားကို မှာကြတာများတယ်”ဟု ၎င်းဒေသခံကပြောသည်။

ထိုနည်းတူ လောင်းလုံ အောက်ဖက်ကျေးရွာများနှင့် ထားဝယ် အသွားအပြန် ကားခဈေးနှုန်းမှာ ခရီးသည်တစ်ဦးလျှင် ယခင်က နှစ်ထောင်ကျပ်ခန့်သာရှိရာမှ ယခု သုံးထောင်ကျပ်ခန့်ရှိကြောင်း ခရီးသည်တင်ကားမောင်းသူ တစ်ဦးကပြောသည်။

“အရင်က ဒီဇယ်တစ်လီတာ ခြောက်ရာကျော်ပဲရှိတယ်။ အခုသုံးထောင်ကျော် ဆီဖိုးကာမိဖို့တောင် အနိုင်နိုင်ပဲ”ဟု၎င်းကပြောသည်။

ယင်းနည်းတူ ကံပေါက် ထားဝယ်ကားခ အသွားအပြန်ဈေးနှုန်းမှာလည်း အာဏာမသိမ်းခင်ကာလက အသွားအပြန် ငါးထောင်ကျပ်သာရှိရမှာ အာဏာသိမ်းပြီးနောက် ခရီးသည်တစ်ဦးလျှင် ရှစ်ထောင်ခန့် ဖြစ်လာသည်ဟုသိရသည်။

ယနေ့ထားဝယ် လက်လီဈေးကွက်တွင် ဓာတ်ဆီ ၁ လီတာဈေးနှုန်းမှာ ၃၂၀၀ ကျော်ခန့်ရှိနေပြီး ဒီဇယ် ၁ လီတာ၏ ဈေးနှုန်းမှာလည်း ၃၃၀၀ ကျော်ခန့်ရှိနေသည်ဟု ထားဝယ်မြို့၏ လက်လီဈေးကွက်မှသိရသည်။

‌အထက်ပါဈေးနှုန်းမှာ ထားဝယ်မြို့ပေါ် စျေးဖြစ်ပြီး ဒေသအနီးအဝေးလိုက် စျေးနှုန်းပြောင်းလဲမှုရှိသည်။

အာဏာမသိမ်းခင် ၂၀၂၀ အောင်တိုဘာလက ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းမှာ တစ်လီတာ လျှင် ကျပ် ၆၀၀ နီးပါးနှင့် ကျပ် ၆၀၀ ကျော်ခန့်သာရှိရာ အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် ငါးဆခန့်ဈေးတက်သွားခြင်းဖြစ်သည်။

ယနေ့ဩဂုတ်လ ၂၅ ရက်နေ့ အစိုးရရည်ညွန်းဈေးနှုန်းမှာ ထားဝယ်တွင် ၉၂ အမျိုးစားဓာတ်ဆီတစ်လီတာ ၂၅၆၀ ကျပ် ၊၉၅ အမျိုးအစားမှာ ၂၆၃၅ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၃၁၂၅ကျပ် နှင့် ပရီမီယံ ဒီဇယ်မှာ တစ်လီတာလျှင် ၃၂၀၅ ကျပ်ဖြစ်သည်ဟု စစ်ကောင်စီ၏ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ နေ့စဉ်ထုတ်ပြန်ချက်အရ သိရသည်။

သို့သော်အထက်ပါဈေးနှုန်းများမှာ စက်သုံးဆီ ခွဲတမ်းရရှိသော ဆိုင်များတွင်သာ ရရှိနိုင်မည်ဖြစ်၍ အများစုမှာ ပြင်ပဆီဆိုင်များမှသာ ဝယ်ယူလေ့ရှိသည်။