ရေး – ထားဝယ်လမ်းမပေါ်က တံတားကြီးဂိတ် တိုက်ခိုက်ခံရ

0
421

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေး-ထားဝယ် ကားလမ်းမပေါ်ရှိ တံတားကြီးစစ်ဆေးရေးဂိတ် ယနေ့ နံနက်ပိုင်းက တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

တံတားကြီးစစ်ဆေးရေးဂိတ်ကို ယနေ့ (ဩဂုတ် ၂၅) နံနက် ၁၀ နာရီခွဲခန့်က ရေးဘီလူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ဖော်ပြောဆိုထားသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင် ငါးဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များလည်း ရှိနိုင်သည်ဟု ရေးဘီလူးအဖွဲ့က ပြောဆိုထားသော်လည်း Dawei Watch အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

တံတားကြီးဂိတ်ကို တော်လှန်ရေးအဖွဲ့တိုက မကြာခဏ တိုက်ခိုက်လေ့ရှိသည်။

“တံတားကြီးစစ်ဆေးရေးဂိတ်က မကြာခဏ တိုက်ခိုက်ခံနေရတယ်။ အဲဒီလိုဖြစ်ပြီး ဒီနောက်ပိုင်းမှာ လုံခြုံရေး ပိုပြီး တင်းကျပ်ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်နေ့ကလည်း တံတားကြီးဂိတ်ကို မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသည်ဟု သတင်းထုတ်ပြန်ထားသည်။

ရေး- ထားဝယ်ကားလမ်းပေါ် မြစ်ကူးတံတားများအပြင် ရေးမြို့နှင့် ကျေးရွာအကြား ဆက်သွယ်ထားသည့် မြစ်ကူးတံတားဂိတ်များကိုလည်း ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့တို့က မကြာခဏ တိုက်ခိုက်လေ့ရှိသည်။

ရေးဘီလူးအဖွဲ့သည် ယခုရက်ပိုင်းအတွင်း ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အရပ်သားဝန်ထမ်းများ၊ စစ်ကောင်စီသတင်းပေးဆိုပြီး သတ်မှတ်ခံရသူများကို ပစ်ခတ်ရှင်းလင်းမှု ဆက်တိုက်ပြုလုပ်လာခဲ့သည်။