ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၂၉ ဦး ဖမ်းဆီးခံရ

0
402

ထိုင်းနိုင်ငံ စူခိုထိုင်းခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၂၉ ဦးကို ဩဂုတ်လ ၁၁ ရက် နေ့လယ်ပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

လမ်းဖန်းခရိုင်မှတဆင့် မြန်မာအလုပ်သမားများကို ဗန်ကားဖြင့် တင်ဆောင်လာသည်ဟု သတင်းကြိုရထားသဖြင့် စူခိုထိုင်းခရိုင်ရှိ ပါငီဝူစစ်ဆေးရေဂိတ်အရောက်တွင် ရဲတပ်ဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးရန် အချက်ပြသော်လည်း အရှိန်ဖြင့်မောင်းပြေးသွားကြောင်း သတင်းများတွင် ဖော်ပြသည်။

ယင်းနောက် အဆိုပါဗန်ကားသည် စရီးစာန်ခ်ျနားလိုင်းဒေသရှိ ဝတ်ဘန်းမိုင်ဘုန်းကြီးကျောင်း၏ အုတ်နံရံကို ဝင်တိုက်မိကြောင်း သတင်းများတွင် ဖော်ပြသည်။

ဘုန်းကြီကျောင်းအနီးတွင် လုပ်အားပေးလုပ်ကိုင်နေသူများမှ ကူညီရန်သွားသောအခါတွင် ကားပေါ်ပါသူ အများစုမှာ ထိုင်းစကား မပြောတတ်ဘဲ မြန်မာလူမျိုးများဖြစ်နေသည်ဟု သိရှိရပြီးနောက် ရဲတပ်ဖွဲ့သို့ အကြောင်းကြားရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမား ၂၉ ဦးတွင် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၁၉ ဦးတို့ပါဝင်ပြီး ထိုင်းနိုင်ငံသား ကားမောင်းသမား နှစ်ဦးကိုပါ ဖမ်းဆီးရမိကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများတွင် ပအိုဝ့်လူမျိုး ၅ ဦး၊ ကရင်လူမျိုး ၁၅ ဦးနှင့် ဗမာလူမျိုး ၉ ဦးတို့ပါဝင်ကြပြီး ၎င်းတို့သည် ကရင်ပြည်နယ် မြိုင်ကြီးငူလမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံ တာခ့်ခရိုင်အတွင်းသို့ တောလမ်းခရီးအတိုင်း ဝင်ရောက်လာကြကြောင်း ဖော်ပြထားသည်။

မြန်မာပြည်တွင်းနိုင်ငံရေးနှင့် ကိုဗစ်ရောဂါများကြောင့် အလုပ်အကိုင်ရှားပါးသဖြင့် ထိုင်းနိုင်ငံအတွင်းသို့ အလုပ်လုပ် ကိုင်ရန် ဝင်ရောက်လာကြခြင်းဖြစ်ပြီး ထိုခရီးအတွက် ဘတ် ၂၃၀၀၀ (ကျပ် ၁၅ သိန်းခန့်) ပွဲစားများကို ပေးချေ ရမည်ဟု ထိုင်းရဲတပ်ဖွဲ့များသို့ အလုပ်သမားများက ဖြေကြားကြောင်း ဖော်ပြထားသည်။

ထိုင်းကားမောင်းသမားမှ ထိုခရီးအတွက် တစ်ဦးလျှင် ဘတ် ၅၀၀၀ ဖြင့် လန်းဖမ်းခရိုင်မှတဆင့် ဥထိုင်းဌာနီခရိုင်သို့ ပို့ဆောင်ပေးရာတွင် လမ်းခုလတ်၌ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံသူများကို ကိုဗစ် ရှိမရှိ စစ်ဆေးခဲ့ပြီးနောက် တရားမဝင် ဝင်ရောက်သဖြင့် ထိုင်းဥပဒေများအရ အရေးယူနိုင်ရန် စရီးစာန်ခ်ျနားလိုင်းရဲစခန်းသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

Ref: คมชัดลึก ออนไลน์, Matichon Online – มติชนออนไลน์