တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
378

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

သြဂုတ်လ ၅ ရက်နေ့မှ ၁၂ ရက်နေ့အထိ

ရုရှားကို စစ်သားတစ်သိန်းစစ်ကူနိုင်တယ်လို့ မြောက်ကိုရီးယားဆို

ယူကရိန်းကိုတိုက်ဖို့ ရုရှားကို မြောက်ကိုရီးယားကနေ စစ်သားတစ်သိန်း စေလွှတ်ပေးမယ်လို့ ကမ်းလှမ်းထားသလို မြောက်ကိုရီးယားရဲ့ စစ်ရေးအတွေ့အကြုံ ပြည်စုံတာကိုလည်း ရုရှားဘက်က ချီးကျူးတယ်လို့ ရုရှားနိုင်ငံပိုင်သတင်းစာကနေ သိရပါတယ်။

ယူကရိန်းရဲ့ ဖက်ဆစ်ဝါဒ ကို ဆန့်ကျင်တိုက်ဖျက်ဖို့ မြောက်ကိုရီးယားက တာဝန်ထမ်းဆောင်လိုတဲ့ ဆန္ဒရှိရင် ခွင့်ပြုသင့်ပါတယ်လို့လည်း ရုရှားစစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ Korotchenko က ဆိုထားပါတယ်။

မြောက်ကိုရီးယားစစ်တပ်ဟာ ကမ္ဘာပေါ်မှာ စတုတ္ထအင်အားအကြီးဆုံးစစ်တပ်ဖြစ်ပြီး တပ်ဖွဲ့ဝင်ပေါင်း ၁ ဒသမ ၃ သန်းနီးပါးရှိတယ်လို့ ဆိုကြပါတယ်။

Ref: WION

ဒေါ်နယ်ထရမ့်၏ အိမ်ကို FBI ဝင်စီး

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ Mar-a-Lago စံအိမ်ကို FBI ကနေ ဩဂုတ်လ ၈ ရက်နေ့မှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။

FBI အေးဂျင့်အုပ်စုက သူ့ရဲ့ အိမ်ကို ဝင်ရောက်စီးနင်းခဲ့ကာ မီးခံသေတ္တာတွေကိုပါ ဖွင့်ဖောက်ရှာဖွေခဲ့တာတွေက အမေရိကန်သမိုင်းမှာ မကြုံဖူးတဲ့ စီးနင်းရှာဖွေမှုဖြစ်ပြီး နိုင်ငံရေးအရ လှုံ့ဆော်မှုတစ်ခုဖြစ်တယ်လို့ ထရမ့်ကဆိုပါတယ်။

စီးနင်းရှာဖွေခွင့်ဝရမ်းကို Secret Service အထူးထောက်လှမ်းရေးအဖွဲ့သို့ လျှို့ဝှက်အကြောင်းကြားခဲ့သလို သေတ္တာအချို့ကို သိမ်းဆည်းရမိခဲ့ကာ တံခါးတွေကိုလည်း ချိုးဖျက်ခဲ့တာတွေ မရှိခဲ့ဘူးလို့ သိရပြီး စီးနင်းမှုမှာ မွန်းလွဲပိုင်းမှာ ပြီးစီးခဲ့တယ်လို့ သိရပါတယ်။

Ref: BBC

ဒေါ်လာ ၇ ဘီလီယံနီးပါးရှိ Tesla ရှယ်ယာတွေကို ရောင်းချ

Tesla လျှပ်စစ်ကားကုမ္ပဏီ အမှုဆောင်အရာရှိချုပ် အီလွန်မက်က အမေရိကန် ဒေါ်လာ ၆ ဒသမ ၉ ဘီလီယံ တန်ဖိုးရှိတဲ့ ကုမ္ပဏီရဲ့ ရှယ်ယာတွေကို ရောင်းချခဲ့ကာ တွစ်တာနဲ့ တရားရင်ဆိုင်ပြီး ရှုံးနိမ့်သွားမယ်ဆိုပါက တွစ်တာဝယ်ယူဖို့ သုံးစွဲနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

အီလွန်မက်ဟာ အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံနဲ့ Twitter ကို ဝယ်ယူမယ့် သဘောတူညီချက်ကို ဧပြီလ ၂၅ ရက်နေ့မှာ ဖျက်သိမ်းခဲ့လို့ တွစ်တာကနေ တရားစွဲခံထားကာ နှစ်ဖက်ရုံးချိန်းကို အောက်တိုဘာ ၁၇ ရက်နေ့မှာ ချိန်းဆိုထားတယ်လို့ သိရပါတယ်။

Tesla မှာ မက်ရဲ့ ရှယ်ယာတွေ ၁၅၅ ဒသမ ၀၄ သန်း ကျန်ရှိနေသေးတယ်လို့ သိရကာ နောက်ဆုံးရောင်းချခဲ့တဲ့ ရှယ်ယာများအရ ယခုနှစ်အတွင်း စုစုပေါင်း ဒေါ်လာ ၃၂ ဘီလီယံ တန်ကြေးရှိတဲ့ Tesla ရှယ်ယာတွေကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။

Ref: CNA

မိုးရွာသွန်းမှုကြောင့် တောင်ကိုးရီးယားမှာ လူ ၈ ဦးကျော်သေဆုံး

တောင်ကိုရီးယားနိုင်ငံရဲ့မြို့တော်ဆိုးလ် အနီးတစ်ဝိုက်မှာ မိုးသည်းထန်စွာရွာသွန်းလို့ ဓာတ်အားတွေပြတ်တောက်၊ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ကာ လမ်းတွေ မြေအောက်ရထားတွေ အကုန်လုံးနစ်မြုပ်သွားခဲ့ပြီး တစ်ညတည်းမှာ လူရှစ်ဦးထက်မနည်းသေဆုံးတယ်လို့ အာဏာပိုင်တွေကနေ ဩဂုတ်လ ၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဆိုးလ်မြို့တောင်ပိုင်းမှာ တစ်နာရီ မိုးရေချိန် မီလီမီတာတစ်ရာကျော်နဲ့ မြို့တော်ရဲ့ အချို့နေရာတွေမှာ မိုးရေချိန် ၁၄၁ ဒသမ ၅ မီလီမီတာ ရွာသွန်းခဲ့ပြီး ဒါဟာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး မိုးရေချိန်မှတ်တမ်းဝင်ခဲ့တယ်လို့ ကိုရီးယား မိုးလေဝသညွှန်ကြားမှုဦစီးဌာနကနေ ဖော်ပြထားပါတယ်။

ရေမြုပ်နေတဲ့ အဆောက်အအုံတွေထဲ ရေနစ်သေဆုံးသူ လေးဦး၊ ဘတ်စ်ကားမှတ်တိုင်ရဲ့ အပျက်အစီးတွေအောက်မှာ သေဆုံးနေသူ တစ်ဦး၊ မြေပြိုမှုတွေကြောင့် သေဆုံးသူနှစ်ဦးနဲ့ ဓာတ်လိုက်ခံရလို့ သေဆုံးတယ်လို့ ယူဆရသူ တစ်ဦး စုစုပေါင်း ၈ ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Ref: NPR

ခိုးယူခံရတဲ့ ရှေးဟောင်းလက်ရာ ၃၀ ကို အမေရိကန်က ကမ္ဘောဒီးယားသို့ ပြန်ပေး

အမေရိကန်နိုင်ငံကနေ အရှေ့တောင်အာရှနိုင်ငံ ကမ္ဘောဒီးယားနိုင်ငံမှ ခိုးယူခံခဲ့ရတဲ့ အနုပညာလက်ရာနဲ့ ရှေးဟောင်းပစ္စည်းအခု ၃၀ ကို ဩဂုတ်လ ၈ ရက်နေ့ မှာ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့ပါတယ်။

ခိုးယူခံခဲ့ရတဲ့ ရှေးဟောင်းပစ္စည်း အခု ၃၀ မှာ တစ်ဆယ်ရာစုက ထုလုပ်ခဲ့တဲ့ ဒေါင်းပေါ်၌ ထိုင်နေတဲ့ ဟိန္ဒူနတ်ဘုရား စကန်ဒါရဲ့ ပန်းပုရုပ်ထုတွေနဲ့ ဟိန္ဒူဘုရား ဂနီးရှားရဲ့ ပန်းပုရုပ်တုတို့ပါဝင်ခဲ့ပါတယ်။

ကြေးခေတ်ကနေ ၁၂ ရာစု အထိပြုလုပ်ခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေနဲ့အတူ အခြားထောင်ပေါင်းများစွာ ရှေးဟောင်းအနုပညာလက်ရာတွေဟာ ကမ္ဘောဒီးယားမှာ စစ်ဖြစ်ပွားချိန် ၁၉၇၀ ပြည့်နှစ်ကနေစလို့ နိုင်ငံပြန်လည်ဖွင့်လှစ်ချိန် ၁၉၉၀ ပြည့်နှစ်တွေမှာ ခိုးယူခံခဲ့ရတာဖြစ်ပါတယ်။

Ref: CNN

Thor: Love and Thunder ဇာတ်ကားကို မလေးရှားမှာပြသခွင့်မပြု

Marvel Studio ကနေ နောက်ဆုံးထုတ်လုပ်လိုက်တဲ့ Thor: Love and Thunder ဇာတ်ကားဟာ မလေးရှားနိုင်ငံ ဆင်ဆာဘုတ်အဖွဲ့ရဲ့ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီလို့ မလေးရှားနိုင်ငံတွင်း ပြသခွင့်မပေးနိုင်ကြောင်းကို မလေးရှားနိုင်ငံ ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Zahidi Zainul Abidin က ဩဂုတ်လ ၁၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဇာတ်ကားအထဲ ပါရှိတဲ့ lesbian, gay, bisexual နဲ့ LGBT ဆိုင်ရာ ကိစ္စရပ်တွေကို မလေးရှားနိုင်ငံ ရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့ကနေ အတည်ပြုချက် မပေးခဲ့တာလို့ ဒုဝန်ကြီးက ဆိုထားပါတယ်။

ဒီဇာတ်ကားကို ဆင်ဆာဘုတ်အဖွဲက ခွင့်မပြုပေမယ့် LGBT ကိစ္စတွေပါပြီး ဆင်ဆာဘုတ်အဖွဲကနေ ခွင့်ပြုခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ အများကြီးရှိခဲ့ပါတယ်လို့ မလေးရှား အထက်လွှတ်တော်ရဲ့ မေးမြန်းမှုကို ဒုဝန်ကြီးကနေ ပြန်လည်ဖြေကြားခဲ့ပါတယ်။

Ref: CNA

တရုတ်မှာ ဗိုင်းရပ်စ်အသစ်တစ်မျိုး ကူးစက်ခံရ

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းနဲ့ ဟီနန်ပြည်နယ်တွေမှာ တိရစ္ဆာန်တွေကနေဆင်းသက်လာတဲ့ ဗိုင်းရပ်စ်သစ်တစ်မျိုး novel Langya henipavirus (LayV) ကူးစက်ခံရသူ ၃၅ ဦးရှိနေပြီး ကူးစက်ခံရသူအများအပြားမှာ ဖျားနာတာ၊ နုံးနေတာနဲ့ ချောင်းဆိုးတာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

LayV လေးဖစ်သ်ဗိုင်းရပ်စ်ကူးစက်မှုတွေဟာ ကြွက်စုတ်တွေမှာ အများဆုံးတွေ့ရတတ်ပြီး သေဆုံးမှုမရှိသလို ပြင်းထန်မှုမရှိတာကြောင့် ထိတ်လန့်နေစရာမလိုဘူးဆိုပြီး စင်ကာပူနိုင်ငံရှိ Duke-NUS Medical School ဆေးတက္ကသိုလ်က ဝမ်လင်ဖာက ပြောကြားထားပါတယ်။

သို့သော်လည်း တိရစ္ဆာန်တွေမှာ သဘာဝအလျောက်ရှိနေတဲ့ဗိုင်းရပ်စ်တွေက လူတွေကိုကူးစက်လာရင်တော့ ခန့်မှန်းမရတဲ့ရလဒ်တွေထွက်လာတဲ့အတွက် သတိထားစောင့်ကြည့်ရမယ်လို့ ဝမ်ကပြောကြားပါတယ်။

Ref: BBC

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း ကိုဗစ်ရောဂါ ကူးစက်ခံရ

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက တိုင်းပြည်အတွင်းး ကိုဗစ်-၁၉ ကပ်ရောဂါကိုအောင်နိုင်ပြီလို့ ကြေငြာခဲ့ပြီးနောက် သူကိုယ်တိုင် ကိုဗစ်ကူးစက်မှုဒဏ်ခံခဲ့ရတယ်လို့ညီမဖြစ်သူက ပြောကြားတာကို နိုင်ငံပိုင်သတင်းဌာနကနေ ရေးသားထားပါတယ်။

အဆိုပါ ကိုဗစ်ဗိုင်းရပ်စ်ကူးစက်မှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့ တောင်ကိုရီးယားကိုလည်း ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ ကတိပြုခဲ့ပါသေးတယ်။

ကင်မ်ရဲ့ ကျန်းမာရေးနဲ့ပက်သက်လို့ အခြေအနေအသေးစိတ်ကို မပြောကြားသွားပေမဲ့ နယ်စပ်အနီး တွေ့ရှိခဲ့ရတဲ့ တောင်ကိုရီယားကနေ ထုတ်ဝေတဲ့ လက်ကမ်းစာစောင်တွေကြောင့် မြောက်ကိုရီးယားမှာ ကိုဗစ်ဖြစ်ပွားမှု စတင်ခဲ့တယ်လို့ အပြစ်တင်ပြောဆိုခဲ့ပါတယ်။

Ref: BBC

ဘရားဇီးမှာ မျောက်တွေကိုပစ်မှတ်ထားတိုက်ခိုက်

မျောက်ကျောက်ရောဂါကူးစက်ခံရမှာကို စိုးရိမ်နေတဲ့ ဘရာဇီးနိုင်ငံဟာ မျောက်တွေကို သတ်ဖြတ်နေတဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ ထိုဖြစ်ရပ်တွေအပေါ် ဝမ်းနည်းမိတယ်လို့ ဩဂုတ်လ ၉ ရက်နေ့မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဆောင်ပိုလိုပြည်နယ် ဆောင်ဟိုဆေး ဒို ရီယို ပရဲတို (São José do Rio Preto) မြို့မှာ တစ်ပတ်အထဲ မျောက် ၁၀ ကောင် အဆိပ်သင့်ခဲ့တယ်လို့ ဘရားဇီးသတင်းဝက်ဘ်ဆိုက်ကနေ ဖော်ပြခဲ့သလို အခြားမြို့တွေမှာလည်း ထိုဖြစ်ရပ်တွေ ဆက်တိုက်ပေါ်ပေါက်ခဲ့တာကြောင့် WHO ကနေ အခုကူးစက်တာတွေက လူသားတွေကနေ ကူးစက်နေတာဖြစ်တယ်လို့ ဂျီနီဗာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုကနေ ပြောကြားခဲ့ပါတယ်။

ဘရာဇီးနိုင်ငံမှာ ဇူလိုင် ၂၉ ရက်နေ့က မျောက်ကျောက်ရောဂါကြောင့် တစ်ဦးသေဆုံးခဲ့တာကို အတည်ပြုခဲ့ပြီး သေဆုံးသူမှာ ကိုယ်ခံစွမ်းအားလည်း နည်းနေပြီး မျောက်ကျောက်ရောဂါသာမဟုတ်ဘဲ အခြားရောဂါတွေပါခံစားနေရသူ ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: Mint

လိုအပ်ပါက ထိုင်ဝမ်ကို အင်အားသုံးသိမ်းပိုက်မယ်လို့ တရုတ် သတိပေး

ထိုင်ဝမ်ရဲ့ ခွဲထွက်ရေးလှုပ်ရှားမှုတွေကို လုံးဝ သည်းညည်းခံမှာမဟုတ်ဖူးလို့ တရုတ်နိုင်ငံက ကတိပြုလုပ် ပြီး လိုအပ်ရင် ထိုင်ဝမ်ကျွန်းကို အင်အားသုံး သိမ်းပိုက်မယ်လို့ ဩဂုတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားတဲ့ စက္ကူဖြူကြေညာချက်ကနေ ဆိုပါတယ်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ ခရီးစဉ်ကြောင့် တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းဝန်း ကျင်မှာ စစ်ရေးလေ့ကျင့်မှုတွေ ဆက်တိုက် ပြုလုပ်ပြီး ရက်အနည်းငယ်အကြာမှာ တရုတ်နိုင်ငံက အခုလို သတိပေး လိုက်တာဖြစ်ပါတယ်။

ဒါဟာ ထိုင်ဝမ်ထိပ်တန်း နိုင်ငံရေးသမားတစ်ဦး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့အတူ တရုတ်နိုင်ငံကို သွားရောက်တဲ့နေ့မှာ တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်ရေးရာရုံးက စီးပွားရေးမက်လုံးတွေ၊ စစ်ရေးဖိအားတွေနဲ့ ထိုင်ဝမ်ကို သိမ်းပိုက်ဖို့ ရည်ရွယ်ထားတဲ့ စက္ကူဖြူကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Ref: The Straits Times