တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်မှ အနည်းငယ်ပြန်ကျသော်လည်း မြို့ပေါ်တွင် ရေကြီးနေဆဲ

0
2054
ဓာတ်ပုံ - တနင်္သာရီမြို့နယ် ပဝကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနေစဉ်။

စိုးရိမ်ရေအမှတ်ရောက်ခဲ့သည့် တနင်္သာရီမြစ်ရေမှာ ယနေ့တွင် ကိုးလက်မခန့် ပြန်ကျသွားသော်လည်း တနင်္သာရီမြို့ပေါ်တွင် ရေကြီးနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယခုလအစမှစပြီး မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ဩဂုတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် စိုးရိမ်ရေအမှတ် ၁၇ ပေအထိ ရောက်ရှိခဲ့ပြီး နေအိမ်တချို့တို့နှင့် လမ်းပေါ်တို့တွင် ရေလွှမ်းမှုများဖြစ်ပေါ်ခဲ့သည်။

တနင်္သာရီမြို့နယ်၏ မြစ်ရေအား စိုးရိမ်ရေအမှတ်မှာ ၁၇ပေ ဖြစ်ပြီး အန္တရာယ်ရေအမှတ်မှာ ၂၄ ပေ ဖြစ်သည်။

မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေ မြင့်တက်လာပြီး မြို့တွင်းရှိ လူနေအိမ်အချို့နှင့် လမ်းပေါ်တို့တွင် နှစ်ပေကျော်အထိ ရေကြီးရေလျှံခြင်းခဲ့ကြောင်း ချောင်းကြီးရပ်နေသူအချို့က ပြောသည်။

“အိမ်ထဲအထိ ရေရောက်နေပြီ။ မိုးကလည်း မပြတ်သေးဘူး။ ထုတ်တာပိုးတာတွေတော့ ကြိုလုပ်ထားရတာပေါ့” ဟု ချောင်းကြီးရပ်နေ အသက် ၅၀ နှစ်ရှိ အမျိုးသားတစ်ဦးက ပြောဆိုသည်။

မြစ်ရေများ ထပ်မံမြင့်တက်လာပါက ကုန်းမြင့်ပေါ်ရှိ ရေလွတ်ရာနေရာများသို့ ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း ၎င်းက ပြောပြသည်။

သို့သော် တနင်္သာရီမြစ်ရေသည် ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်တွင် စိုးရိမ်ရေအမှတ် ၁၇ ပေအောက်သို့ လျော့ကျသွားကာ ၁၆ ပေ ၃ လက်မသို့ ရောက်ရှိနေကြောင်း ဒေသခံများထံမှသိရသည်။

“မိုးနည်းနည်းပြတ်သွားရင် ရေနည်းနည်းလျော့တာပေါ့။ မိုးလုံးဝမပြတ်သေးတော့ စောင့်ကြည့်နေရတယ်။ ရေထပ်တက်မတက် ဘာမှပြောလို့ မရ‌သေးဘူး” ဟု ချောင်းငယ်ရပ်နေ အသက် ၄၀ နှစ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

စိုးရိမ်ရေအမှတ်အောက် အနည်းငယ်လျော့ကျသွားသော်လည်းမြို့ပေါ်တွင်မူ နေအိမ်နှင့် လမ်းများတွင် ရေကြီးရေလျှံနေဆဲဖြစ်ပြီး ကျေးရွာအချို့တွင်လည်း အနိမ့်ပိုင်း နေအိမ်များနှင့် လမ်းများရေကြီးနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မိုးကလည်း သည်းထန်စွာ ရွာသွန်းနေဆဲဖြစ်သဖြင့် စောင့်ကြည့်နေရသည့် အခြေအနေဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

မိုးလေဝသနှင့် ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၇ နာရီ ထုတ်ပြန်ချက်အရ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေသဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် ဩဂုတ်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းအချိန်အထိ ရွာရန်ရာနှုန်းပြည့်ဖြင့် နေရာကွက် မိုးကြီးမည်ဖြစ်ပြီး နောက်နှစ်ရက် တွင်လည်း မိုးပိုနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် တနင်္သာရီမြို့နယ် ပဝကျေးရွာအုပ်စုတွင်းရှိ ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး နေအိမ်တို့နှင့် လမ်းပေါ်တို့တွင် ရေလွှမ်းခဲ့ကာ အခြေခံပညာစာသင်ကျောင်းအချို့အား ယာယီပိတ်ထားခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

တနင်္သာရီမြို့သည် နှစ်စဉ်နီးပါး ရေကြီးရေလျှံမှု ကြုံတွေ့လေ့ရှိပြီး ပြီးခဲ့သည့်နှစ်က အန္တရာယ်ရေအမှတ်ထက် ကျော်လွန်သဖြင့် နေအိမ်အချို့ ပြောင်းရွှေ့ခဲ့ရသည်။