ထားဝယ်မြို့က စီးပွားရေးလုပ်ငန်းရှင်အချို့ ခြိမ်းခြောက်ငွေညှစ်ခံရ

0
594

ထားဝယ်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်အချို့ထံ အမည်မသိသူများက ဖုန်းဆက်ခြိမ်းခြောက်ကာ ငွေညှစ်မှုများ ရှိနေကြောင်း စီးပွားရေးလုပ်ငန်းရှိအချို့ထံမှ သိရသည်။

စီးပွားရေးလုပ်ငန်းရှင်အချို့ထံ ဖုန်းဖြင့်ဆက်သွယ်လာပြီး ငွေကျပ်သိန်းဆယ်ချီတောင်းခံလေ့ရှိပြီး မပေးပါက နေအိမ် သို့မဟုတ် စီးပွားရေးလုပ်ငန်း အဆောက်အအုံအား ဗုံးထောင်ဖောက်ခွဲမည်ဟု ခြိမ်းခြောက်ကြောင်း ကိုယ်တိုင်ကြုံရသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လူကိုယ်တိုင် ငွေလာယူရန် အဆင်မပြေသဖြင့် ဖုန်းနံပတ်တစ်ခုပို့ပေးပြီး ယင်းဖုန်းနံပတ်သို့ အွန်လိုင်းငွေလွှဲ ဝန်ဆောင်မှု Wave Pay၊ KBZ Pay တို့ဖြင့် ငွေလွှဲခိုင်းကြောင်း ၎င်းက ဆိုသည်။

ထားဝယ်မြို့ရှိ အခြားစီးပွားရေးသမားအချို့လည်း ယင်းကဲ့သို့ ခြိမ်းခြောက်ငွေညှစ်ခံနေရပြီး ကုန်စုံဆိုင်၊ ကုန်မာဆိုင်၊ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၊ ဟော်တယ်လုပ်ငန်းပိုင်ရှင် စသည့် အလတ်စား စီးပွားရေးလုပ်ငန်းပိုင်ရှင်များကို ပို၍ ပစ်မှတ်ထား ခြိမ်ခြောက်ငွေညှစ်လေ့ရှိကြောင်း အခြားစီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။

“ဒီလိုမျိုးဖြစ်နေတာ တစ်ယောက် နှစ်ယောက်‌တည်းတော့ မဟုတ်ဘူး။ ကျွန်တော်သိသလောက် တော်တော်လေးကို ခံနေရတဲ့သူတွေ ရှိတယ်။ ‌ကိုယ်ခံ‌နေရတာကို ထုတ်မပြောရဲကြလို့သာ၊ တစ်ယောက်နဲ့ တစ်ယောက် မသိဘဲဖြစ်နေကြတာ” ဟု ၎င်းက ဆိုသည်။

Kaung For You အွန်လိုင်းကျောင်းကိစ္စတွင်လည်း ယင်းကဲ့သို့ ခြိမ်းခြောက်ငွေညှစ်ခြင်းမျိုးကြုံတွေ့ခဲ့ရဖူးသည်။

ကျွမ်းကျင်သူတို့ကမူ ယင်းကဲ့သို့ ခြိမ်းခြောက်မှုများကို တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဆိုင်ဖြေရှင်းရန်၊ ခြိမ်းခြောက်သူတို့ တောင်းခံသည့်ငွေကြေးကို လွှဲပို့ခြင်း မပြုလုပ်‌ရန်၊ ဖုန်းဆင်းကတ်အားဖြုတ်ပြီး ဆင်းကတ်အသစ်အား အသုံးပြုရန် အကြံပြုထားသည်။

“သူတို့တောင်းတဲ့ ပိုက်ဆံမပေးရင် တကယ်လုပ်မှာလည်း ကြောက်တယ်။ ဟိုတိုင်ဒီတိုင်လည်း မလုပ်ချင်ဘူး။ တိုင်ရင် ပိုဆိုးမှာ” ဟု ခြိမ်းခြောက်ခံရသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ ခြိမ်းခြောက်ငွေညှစ်သည့်အပြင် ထားဝယ်မြို့အတွင်း ဓားပြတိုက်မှုများလည်း မကြာခဏဖြစ်ပွားနေပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံထားရသဖြင့် ကာယကံရှင်များမှာ ထုတ်ဖော်ပြောဆိုရန်ပင် အခက်တွေ့နေကြောင်း မြို့ခံအချို့က ပြောဆိုကြသည်။