ပေါင်မြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ဝင်နေအိမ် ချိတ်ပိတ်ခံရ

0
411

မွန်ပြည်နယ်၊ ပေါင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်၏ နေအိမ် ချိတ်ပိတ်ခံရကြောင်း ၎င်းနှင့်နီးစပ်သူတို့ထံမှ သိရသည်။

ပေါင်မြို့နယ်၊ ကော့ကံကျေးရွာရှိ NLD မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစောဆန်းဝင်း၏ နေအိမ်ကို စစ်ကောင်စီက ဩဂုတ်လ ၉ ရက်နေ့တွင် လာရောက်ချိတ်ပိတ်သွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

ဩဂုတ်လ ၇ရက်နေ့က ဦးစောဆန်းဝင်း၏ နေအိမ်တွင် မီးလန့်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်ထဲ ဝင်ရောက် စစ်ဆေးခဲ့ရာ လက်ပစ်ဗုံး ၁ လုံး၊ ၉ မမ ကျည် အတောင့် ၅၀ နှင့် စနိုက်ပါ မှန်ပြောင်းတစ်လက်ရရှိသည်ဟု စစ်ကောင်စီဘက်က ပြောဆိုထားကြောင်း ၎င်းတို့က ပြောဆိုသည်။

ဦးစောဆန်းဝင်း၏ နေအိမ်တွင် လက်နက်အချို့တွေ့ရှိသည်ဆိုပြီးနောက် ဦးစောဆန်းဝင်းသည် PDF အဖွဲ့အစည်း များနှင့် ဆက်စပ်သည်ဟုဆိုပြီး နေအိမ်ကို လာချိတ်ပိတ်သွားခြင်းဖြစ်နိုင်သည်ဟု နီးစပ်သူတို့ထံမှ သိရသည်။

“အိမ်ထဲမှာ လက်နက်တွေတွေ့တယ်ဆိုပြီးတော့ အိမ်ကို လာချိတ်ပိတ်သွားတာပဲ။ ဦးစောဆန်းဝင်းတို့က ရှောင်နေတာကြာပြီ။ အိမ်မှာမရှိကြဘူး” ဟု NLD ပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဦးစောဆန်းဝင်းကို စစ်ကောင်စီတို့က လိုက်လံရှာဖွေ ဖမ်းဆီးမှုကြောင့် အာဏာသိမ်းဖြစ်စဉ် နောက်ပိုင်းတွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ၎င်းက ဆိုသည်။

၎င်းအပြင် ဦးစောဆန်းဝင်းကို စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မတို့ဖြင့် အမှုဖွင့်ထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပေါင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏ နေအိမ်ကိုလည်း စစ်ကောင်စီက ချိတ်ပိတ်ခဲ့သည်။

မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် NLD လွှတ်တော်ကိုယ်စားလှယ်၊ NLD ပါတီဝင်၊ NLD ပါတီထောက်ခံသူတို့၏နေအိမ်များ ခ်ျိတ်ပိတ်ခံရမှု ဆက်တိုက်ရှိလာခဲ့သည်။