ထိုင်းတွင် ကားတိုက်မှုကြောင့်သေဆုံးသော တရားမဝင် မြန်မာလုပ်သားလေးဦးအတွက် လျော်ကြေးဘတ် ၂သန်းရ

0
305

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ကားတိုက်မှုကြောင့် သေဆုံးသွားသော တရားမဝင် မြန်မာအလုပ်သမားလေးဦး အတွက် လျော်ကြေးငွေ ဘတ် ၂ သန်းကို ဩဂုတ်လ ၁၀ ရက်နေ့တွင် လက်ခံရရှိကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။

ယခုနှစ် ဇန်နဝါရီလတွင် ကန်ချနဘူရီခရိုင် စိုင်ယွတ်ဒေသ အမှတ် (၃၂၃) လမ်းမကြီးတွင် ဖြစ်ပွားခဲ့သော ကားတိုက်မှု၌ သေဆုံးသွားသော မြန်မာအလုပ်သမားတစ်ဦးစီအတွက် ဘတ် ၅ သိန်းစီ လျော်ကြေးရခြင်းဖြစ်ကြောင်း ယင်းရုံးက ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ၏ ကားအာမခံအတိုင်း လျော်ကြေးငွေ ရရှိခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါကားတိုက်မှုတွင် သေဆုံးသွားသူ မြန်မာ ငါးဦးရှိသည့်အနက် လေးဦးမှာ အထောက်အထားအချက်အလက် ပြည့်စုံသဖြင့် ကားတိုက်မှုဖြစ်ပြီး ခြောက်လအကြာတွင် ၎င်းတို့အတွက် လျော်ကြေးငွေရရှိသော်လည်း ကျန်တစ်ဦးမှာ အချက်အလက်ကို ပြည့်ပြည့်စုံစုံ မရသေးဖြင့် လျော်ကြေးငွေ မရသေးသေးကြောင်း ယင်းရုံးထံမှ သိရသည်။

“အချိန်ကတော့ စာရွက်စာတမ်းတွေ စုပြီး ပြင်ဆင်နေရတာနဲ့ နည်းနည်းကြာသွားတာ။ တစ်ယောက်က မပြည့်စုံတဲ့ အတွက် မရလိုက်သေးဘူး။ အခု ဒီတစ်ယောက်အတွက်လည်း တင်ဖို့လုပ်ဆောင်နေတယ်” ဟု ဘန်ကောက် အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မြန်မာအလုပ်သမားများအနက် ဖြူးမြို့နယ်မှ မောင်သက်နိုင်ဖြိုးနှင့် မောင်နိုင်ဝင်းစိုး၊ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှ မောင်အောင်ရွှေဝင်းနှင့် မခင်မာနွယ်တို့ လေးဦးမှာ အချက်အလက်ပြည့်စုံစွာ ရရှိသဖြင့် ၎င်းတို့အတွက် လျော်ကြေးငွေရကြောင်း ယင်းရုံးက ထုတ်ပြန်ထားသည်။

ပဲခူးမြို့ ပျဉ်ပုံကြီးမှ မအိဖြူအောင်ဆိုသူမှာ အထောက်အထား မပြည့်စုံသည့်အတွက် ၎င်းအတွက် လျော်ကြေးငွေ ရသေးကြောင်း ထုတ်ပြန်ထားသည်။

မအိဖြူအောင်အတွက်ပါ လျော်ကြေးငွေ ရရှိရန် ၎င်း၏ မိသားစုဝင်များနှင့် တွေ့ဆုံပြီးဖြစ်၍ မြန်မာအလုပ်သမား သံအရာရှိရုံးက ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။

ရရှိခဲ့သောလျော်ကြေးငွေများကို ထုတ်ယူရန် သေဆုံးသူများ၏ မိသားစုဝင်များအနေဖြင့် ထိုင်းနိုင်ငံသို့ လာရန် မလိုအပ်ဘဲ အလုပ်သမားသံအရာရှိရုံးမှ မြန်မာနိုင်ငံသို့ ဘဏ်မှတစ်ဆင့် လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖြစ်စဉ်မှာ ယခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကန်ချနဘူရီခရိုင် ထိုးဖာ့ဖမ်းဒေသမှ အမှတ် (၃၂၃) လမ်းမကြီး တစ်လျှောက် စိုင်ယွတ်ဒေသသို့ မောင်းနှင်လာပြီး တရားမဝင် မြန်မာအလုပ်သမားများ လိုက်ပါသော ပစ်ကပ်ကား တစ်စီးသည် စစ်ဆေးရေးဂိတ်ကို တွေ့ရှိခဲ့သဖြင့် နောက်ပြန်လှည့်ရာမှ ဆယ်ဘီးကားနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။

ကားပေါ်တွင် တရားမဝင် မြန်မာအလုပ်သမား ၁၀ ဦး လိုက်ပါလာခဲ့ကာ ၎င်းတို့အနက် ၅ ဦး သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ကားပေါ်ပါ ခရီးဆောင်အိတ်များမှ ရရှိသည့်အထောက်အထားများအရ မည်သူမည်ဝါဖြစ်သည်ကို သိရှိခဲ့ခြင်းဖြစ်သည်။

၎င်းတို့သည် ကရင်ပြည်နယ် ဘုရားသုံးဆူလမ်းမှတဆင့် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသ၊ ထိုးဖာ့ဖမ်းဒေသသို့ ဝင်ရောက်လာခြင်းဖြစ်ကာ အဆိုပါခရီးအတွက် တစ်ဦးလျှင် ဘတ် ၂၇၀၀၀ ကုန်ကျခံကာ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။